ပေကျင်း စက်တင်ဘာ ၉
အာဖဂန်နစ္စတန် ငလျင်ဒဏ်သင့်ပြည်သူများအား တရုတ်နိုင်ငံက အကူအညီများပေးအပ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျန်းက စက်တင်ဘာ ၈ ရက်တွင် ပြောကြားသည်။
အာဖဂန်နစ္စတန် ငလျင်အပေါ် တရုတ်နိုင်ငံ၏ ကူညီဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဒေသခံများအတွက် စာနာကြောင်းနှင့် ဝမ်းနည်းကြောင်းကို တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။ အာဖဂန် နစ္စတန်နိုင်ငံ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယွမ်သန်း ၅၀ တန်ကြေးရှိ တဲများ၊ စောင်များနှင့် အစားအစာ များကို တရုတ်နိုင်ငံက လှူဒါန်းမည်ဖြစ်ကြောင်း လင်ဂျန်းက ပြောကြားသည်။
တရုတ်ကြက်ခြေနီအသင်းကလည်း ငလျင်ဒဏ်သင့် အာဖဂန်ဒေသခံများအတွက် ငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေနိုင်ငံများဖြစ်ပြီး အာဖဂန်ပြည်သူများအနေဖြင့် ငလျင်လှုပ်ခတ်မှုကို ရင်ဆိုင်ကာ အမြန်ဆုံးပြန်လည်ထူထောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


