အီတလီအသင်းနဲ့ အစ္စရေးအသင်းတို့ စက်တင်ဘာ ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲစဉ်မှာ အီတလီအသင်းက အစ္စရေးအသင်းကို ငါးဂိုး-လေးဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အီတလီအသင်းအတွက် သွင်းဂိုးတွေကို မွိုက်ကီယန်က နှစ်ဂိုး၊ ပိုလီတာနိုက တစ်ဂိုး၊ ရက်စပါဒိုရီက တစ်ဂိုး၊ တိုနာလီက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အစ္စရေးအသင်းအတွက် သွင်းဂိုးတွေကိုတော့ အီတလီကစားသမားတွေဖြစ်တဲ့ လိုကာတယ်လီနဲ့ ဘတ်စတိုနီတို့ရဲ့ ကိုယ့်ဂိုးကို ပြန်သွင်းမိသလိုဖြစ်ခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အစ္စရေးတိုက်စစ်မှူး ပီရက်ဇ်က နှစ်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အီတလီအသင်းဟာ အစ္စရေးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့် ပွဲစဉ်လေးပွဲကစား ပြီးချိန်မှာ သုံးပွဲနိုင်ရမှတ်ကိုးမှတ်နဲ့ အုပ်စုအဆင့် ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အလားအလာကောင်းနေတာဖြစ်ပါတယ်။ အီတလီအသင်းဟာ ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာတော့ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။
စက်တင်ဘာ ၈ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသောကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ တော့ ကိုဆိုဗိုအသင်းက ဆွီဒင်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဆွစ်ဇာလန်အသင်းက ဆလိုဗေးနီးယားအသင်းကို သုံးဂိုး-ဂိုးမရှိ၊ စကော့တလန်အသင်းက ဘီလာရုစ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဒိန်းမတ်အသင်းက ဂရိအသင်းကို သုံးဂိုး-ဂိုးမရှိ၊ ခရိုအေးရှားအသင်းက မွန်တီနီ ဂရိုးအသင်းကို လေးဂိုး-ဂိုးမရှိ၊ ဖာရိုးကျွန်းစုအသင်းက ဂျီဘရော်တာအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်


