ရန်ကုန် စက်တင်ဘာ ၉
၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု(B) နောက်ဆုံးနေ့ကို စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အရေးနိမ့်ခဲ့သည်။
နှစ်သင်းစလုံး အုပ်စုဒုတိယနေ့ပြီးကတည်းက ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးထားသော်လည်း ယခုပွဲကို ဂုဏ်သိက္ခာပိုင်းအတွက် အနိုင်ရရန်ကြိုးပမ်းခဲ့ပြီး မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲ အုပ်စုသုံးပွဲကစားရာတွင် နိုင်ပွဲမရဘဲ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးရမှတ် တစ်မှတ်ဖြင့် အုပ်စုမှ ထွက်ခဲ့ရသည်။ ထို့ပြင် နည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ကူရိုဆာကီလက်ထက် နိုင်ငံတကာပြိုင်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများတွင် နိုင်ပွဲမရသေးသည့် အစဉ်အလာ ဆိုးကို မြန်မာ ယူ-၂၃ အသင်း ရပ်တန့်နိုင်ခြင်းမရှိသေးဘဲ နိုင်ငံတကာခြေစမ်းပွဲ လေးပွဲ၊ နိုင်ငံတကာ ပြိုင်ပွဲနှစ်ခုမှ ငါးပွဲ စုစုပေါင်း ကိုးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။
မြန်မာ ယူ-၂၃ အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်လာပြီး အာကာကျော်၊ သန်းတိုးအောင်၊ ဟိန်းထက်စိုး(ဂိုး)၊ စွမ်းထက်၊ မိုးဆွေ၊ ရှိုင်းဝဏ္ဏအောင်တို့ဖြင့် ပွဲထွက်လာသည်။ ပွဲအစပိုင်းတွင် မြန်မာအသင်းက ဖိကစားနိုင်သော်လည်း ၁၀ မိနစ်နောက်ပိုင်းမှ စတင်ကာ အပြန်အလှန်ကစားနိုင်ခဲ့သည်။ ၁၈ မိနစ်တွင် အာဖဂန်နစ္စတန်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် မိုဟာမန်ဒီက ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း တွင် မြန်မာအသင်း ချေပဂိုးရရန် တိုက်စစ်မြှင့်လာပြီး မိနစ် ၄၀ တွင် စွမ်းထက်က ခေါင်းတိုက်ပြီး ဂိုးပြန်သွင်းသဖြင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျနေသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး အာဖဂန်နစ္စတန်အသင်းအတွက် အနိုင်ဂိုးကို မိနစ် ၇၀ တွင် ယာဆာဆာဖီက သွင်းယူခဲ့သည်။
အုပ်စုပွဲစဉ်များအပြီးတွင် အာဖဂန်နစ္စတန်အသင်းက သုံးပွဲကစား သုံးမှတ်၊ မြန်မာအသင်းက သုံးပွဲကစား တစ်မှတ်ရရှိပြီး မြန်မာအသင်းသည် နောက်ဆုံးခြောက်ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF


