နယူးဒေလီ စက်တင်ဘာ ၉

အိန္ဒိယ ဥပဒေပြုလွှတ်တော် အမတ်များသည်   ဒုတိယသမ္မတကို  ရွေးကောက်တင်မြှောက်ရန် စက်တင်ဘာ ၉ ရက်က မဲစတင်ပေးခဲ့သည်ဟု   အရာရှိတစ်ဦးက ပြောသည်။

မဲပေးခြင်းကို   ဒေသစံတော်ချိန်  နံနက် ၁၀ နာရီမှ  ညနေ ၅ နာရီအထိပြုလုပ်ခဲ့သည်။

မဲရေတွက်ခြင်းကို    ဒေသစံတော်ချိန် ညနေ ၆ နာရီနောက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး မဲရလဒ်ကို  ညပိုင်း၌  သိရမည်ဟု မျှော်လင့်ရသည်။

ယခင်ဒုတိယသမ္မတ ချာဒီးပ်ဒန်ကာ ကျန်းမာရေးကြောင့် ဇူလိုင်လတွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်ပြီးနောက် ရွေးကောက်ပွဲပြုလုပ်ရန်    ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၎င်း၏ ဒုတိယသမ္မတသက်တမ်းသည်   ၂၀၂၇   ခုနှစ် သြဂုတ်လတွင်  ကုန်ဆုံးမည်ဖြစ်သည်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖြစ်  လူသိများသော အာဏာရမဟာမိတ်ပါတီ  ဘာရာတီယာ ဂျာနာတာပါတီသည် နိုင်ငံအနောက်ပိုင်း    မဟာရက်ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး စီပီရာဒါ ခရစ်ရှ်နန်ကို  ၎င်းတို့၏  ဒုတိယသမ္မတလောင်းအဖြစ်  ရွေးချယ်ခဲ့သည်။    ၎င်းသည်   အတိုက်အခံ ကွန်ဂရက်ပါတီ  ဦးဆောင်သည့် အိန္ဒိယအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ     ဘက်စုံမဟာမိတ် အဖွဲ့၏ ဒုတိယသမ္မတလောင်း ယခင်တရားရုံးချုပ် တရားသူကြီး ဘီဆူဒါရှန် ရက်ဒ်ဒီနှင့်   ယှဉ်ပြိုင် ရမည်ဖြစ်သည်။

ဒုတိယသမ္မတကို အိန္ဒိယလွှတ်တော်နှစ်ရပ်လုံး(အောက်လွှတ်တော်   လော့ခ်ဆာဘာနှင့် အထက်လွှတ်တော် ရာဂျာဆာဘာ)မှ အဖွဲ့ဝင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့က  မဲပေးရွေးချယ်ရမည်ဖြစ်သည်။

လက်ရှိတွင်   အိန္ဒိယအောက် လွှတ်တော်တွင် လွှတ်တော်အမတ် ၅၄၂ ဦးရှိပြီး အထက်လွှတ်တော်တွင်   လွှတ်တော်အမတ် ၂၃၉  ဦးရှိသည့်အတွက် လွှတ်တော်နှစ်ရပ်ပေါင်း  ၇၈၁   ဦးရှိသည်။ ရွေးကောက်ပွဲအနိုင်ရရှိရန် မဲအရေအတွက် ၃၉၁ မဲရရှိရမည်ဖြစ်သည်။

ဆင်ဟွာ