မောင်မိုး
မျက်မှောက်ခေတ်ကမ္ဘာ့နိုင်ငံရေးဟာ စစ်အေးကာလနဲ့ စစ်အေးကာလအလွန်ကဲ့သို့ စူပါပါဝါ တစ်နိုင်ငံတည်း သို့မဟုတ် နှစ်နိုင်ငံ အပြိုင်အုပ်စိုး ခြယ်လှယ်ခဲ့ကြတဲ့ ဒွိဝင်ရိုးကမ္ဘာ(Bipolar World) နဲ့ ဧကဝင်ရိုးကမ္ဘာ (Unipolar World)စနစ်များဆီမှ နိုင်ငံပေါင်းစုံပါဝင်လာတဲ့ ဗဟုဝင်ရိုးခေါ် ဝင်ရိုးစုံကမ္ဘာသစ်(Multipolar World) အခင်းအကျင်းတစ်ခု ဆီသို့ အလျင်အမြန် ကူးပြောင်းနေပြီဖြစ်ပါတယ်။ ယင်းအပြောင်းအလဲမှာ သီအိုရီဆိုင်ရာ ယူဆချက် တစ်ခုမျှသာမဟုတ်ဘဲ ကြီးမားတဲ့ စီးပွားရေး၊ စစ်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲတွေ နဲ့ ဖြစ်ပေါ်လာတဲ့ ‘လက်တွေ့အဖြစ်မှန်’ပဲ ဖြစ်ပါတယ်။ ယနေ့တရုတ်နိုင်ငံရဲ့ ဘက်စုံဆန်းသစ် တိုးတက်လာမှုနဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးလျင်မြန် စွာကြီးထွားလာမှုတို့ဟာ ကမ္ဘာ့စီးပွားရေးဗဟိုချက် ကို အာရှဒေသသို့ ဦးတည်ရွေ့လျားစေခဲ့ပါတယ်။ အထူးသဖြင့် BRICS၊ Shanghai Cooperation Organization (SCO)၊ ASEAN စတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်လာမှုတွေကလည်း Multipolar World အသွင် ပိုမို အားဖြည့်လျက်ရှိပါတယ်။ အလားတူ ယနေ့ ရုရှား-ယူကရိန်းစစ်ပွဲ၊ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ အီရန်-အစ္စရေးစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခများစွာ အပြင် အင်ဒို-ပစိဖိတ်ဒေသအတွင်း အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာတိုးတိုက်မှုတွေကလည်း မိတ်ဖက်အစုအဖွဲ့များအပေါ် တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။
ယနေ့ တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ (၂၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organization–SCO SUMMIT 2025 Plus)ဟာ ကမ္ဘာ့နိုင်ငံရေး၊ သံခင်း တမန်ခင်းနဲ့ စီးပွားရေးအခင်းအကျင်းတွေမှာ အရေး ပါတဲ့ အပြောင်းအလဲတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဤအစည်းအဝေးဟာ အနောက်အင်အားကြီး နိုင်ငံတွေ ဦးဆောင်တဲ့ ကမ္ဘာ့အင်အားကြီးခြယ်လှယ် ချုပ်ကိုင်စနစ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့နဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့ SCO ရဲ့ ကြီးထွားလာတဲ့ အခန်းကဏ္ဍကို ဖော်ပြနိုင်ခဲ့ပါတယ်။
သမိုင်းကြောင်းနဲ့ မျက်မှောက်အခြေအနေ
၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO)ဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ထိပ်သီးအစည်းအဝေးဖြစ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေး ဖက်နိုင်ငံများနဲ့ အခြားဖိတ်ကြားထားတဲ့ နိုင်ငံ ၂၄ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့တာကို တွေ့ရှိရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ဤထိပ်သီးအစည်းအဝေးကို ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ တူကီယဲနဲ့ မြန်မာနိုင်ငံမှ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အခြားနိုင်ငံ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
SCO အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းအရလည်း ၂၀၀၁ ခုနှစ်မှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ဒေသတွင်းတည်ငြိမ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက် ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေး စတဲ့နယ်ပယ်တွေမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ် ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံစတဲ့ ခြောက်နိုင်ငံနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံ (Member States)ခြောက်နိုင်ငံမှ အဖွဲ့ဝင် ၁၀ နိုင်ငံအဖြစ် အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ ဘယ်လာရုစ်နိုင်ငံတွေနဲ့ တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ လေ့လာသူနိုင်ငံတွေ (Observer States)အဖြစ် မွန်ဂိုလီးယားနဲ့ အာဖဂန် နစ္စတန် နှစ်နိုင်ငံ ဖြစ်ပါတယ်။ ဆွေးနွေးဖက်နိုင်ငံတွေ (Dialogue Partners)အဖြစ် မြန်မာ၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ တူကီယဲ၊ မော်လ်ဒိုက်၊ အဇာဘိုင်ဂျန်၊ နီပေါ၊ အာမေးနီးယား၊ အီဂျစ်၊ ကာတာ၊ ဆော်ဒီ အာရေဗျ၊ ဘာရိန်း၊ ကူဝိတ်၊ ယူအေအီးစတဲ့ ၁၄ နိုင်ငံ ပဲဖြစ်ပါတယ်။ ယနေ့ပြုလုပ်တဲ့ (၂၅)ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေးကနေ လာအိုနိုင်ငံအား ဆွေးနွေးဖက်နိုင်ငံအဖြစ် တရားဝင်သတ်မှတ်ခဲ့တာကြောင့် SCO အဖွဲ့အစည်းရဲ့ အသိုက်အဝန်းအတွင်း ၂၇ နိုင်ငံအထိ ရှိလာပြီဖြစ်ပါတယ်။
SCO ဟာ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါး ကမ္ဘာ့ GDP ရဲ့ လေးပုံတစ်ပုံနဲ့ ကမ္ဘာ့မြေဧရိယာရဲ့ လေးပုံတစ်ပုံကို ကိုယ်စားပြုပါတယ်။ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံနဲ့ SCO အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်နိုင်ငံများနဲ့ လေ့လာသူနိုင်ငံများအကြား ကုန်သွယ်မှုဟာ ဒေါ်လာ ၈၉၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး SCO ဒေသတွေကတစ်ဆင့် ဖြတ်သန်းတဲ့ တရုတ်-ဥရောပ ကုန်တင်ရထားတွေဟာ ၂၀၂၄ ခုနှစ်မှာ ခရီးစဉ်ပေါင်း ၁၉၀၀၀ အထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၁၀ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
မဟာဗျူဟာစုစည်းမှုပုံရိပ်များ....
ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ SCO ထိပ်သီးအစည်းအဝေးကနေ နိုင်ငံတကာနဲ့ဒေသတွင်း ရပ်ဝန်းများမှာ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုစီးပွားရေးသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်များစွာကို ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတကာလေ့လာသူတွေရဲ့ အစည်းအဝေးရလဒ် ထုတ်နုတ်ချက်များ၊ SCO အဖွဲ့အစည်းကနေ တရားဝင်ကြေညာချက်တွေနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြန် ပြောဆိုချက်တွေအရ ယနေ့ပြုလုပ်တဲ့ SCO ထိပ်သီးအစည်းအဝေးကနေ အောက်ပါအတိုင်း အဓိက ဆွေးနွေးပူးပေါင်းဆောင်ရွက်ခဲ့မှု အသီးအပွင့်တွေကို ထုတ်နုတ်လေ့လာတွေ့ရှိရပါတယ်-
“ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (၁၀ နှစ်တာ)”။ အဖွဲ့ဝင်နိုင်ငံများအတွက် အလုံးစုံပါဝင်သော လမ်းညွှန်ချက်ချကာ “ရှန်ဟိုင်းစိတ်ဓာတ်”အတိုင်း ပူးပေါင်းဆောင်ရွက်ရန် အခြေခံလမ်းပြမြေပုံ သတ်မှတ်နိုင်ခဲ့မှု။
“ဒုတိယကမ္ဘာစစ် သင်ခန်းစာ”။ သမိုင်းမှ သင်ခန်းစာယူ၍ ငြိမ်းချမ်းရေးထိန်းသိမ်းရေး၊ ကုလသမဂ္ဂကို ဗဟိုပြုတဲ့ နိုင်ငံတကာ စနစ်ကိုတည်ဆောက်ဖို့ တိုက်တွန်းနိုင်ခဲ့မှု။
“တရားမျှတသော ကုန်သွယ်ရေးစနစ်”။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)ကို ဗဟိုပြုတဲ့ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံကာ အင်အားကြီးနိုင်ငံများရဲ့ တစ်ဖက် သတ်အနိုင်ကျင့်မှုများကို ဆန့်ကျင်ကြောင်း ကြေညာနိုင်ခဲ့မှု။
“လုံခြုံရေးစင်တာလေးခု”။ SCO အဖွဲ့အစည်းအတွင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက်လုံခြုံရေး၊ နိုင်ငံဖြတ်ကျော် ပြစ်မှုတိုက်ဖျက်ရေးနဲ့ မူးယစ်ဆေး တိုက်ဖျက်ရေးစင်တာများကို တည်ထောင်နိုင်ခဲ့မှု။
“ဖွံ့ဖြိုးတိုးတက်ရေးဘဏ်”။ SCO အဖွဲ့အစည်းရဲ့ အခြေခံအဆောက်အအုံနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ လျင်မြန်လွယ်ကူစွာ အကောင်အထည်ဖော်နိုင်ဖို့ SCO ဖွံ့ဖြိုး တိုးတက်ရေးဘဏ် တည်ထောင်ရန် သဘောတူညီနိုင်ခဲ့မှု။
“ပလက်ဖောင်း ခြောက်ခုနဲ့ စီမံချက်ခြောက်ခု”။ စွမ်းအင်၊ အစိမ်းရောင် ထုတ်လုပ်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သိပ္ပံနည်းပညာ၊ ပညာရေး၊ အသက်မွေး ဝမ်းကျောင်းနည်းပညာ စတဲ့ နယ်ပယ်တွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ရေး အခြေခံပလက်ဖောင်းများထူထောင်ရေးနဲ့ စီမံ ချက်များ ထုတ်ပြန်ဆောင်ရွက်ရေး သဘောတူညီနိုင်ခဲ့မှု။
“SCO အသိုက်အဝန်းချဲ့ထွင်မှု”။ လာအိုနိုင်ငံကို ဆွေးနွေးဖက်နိုင်ငံအဖြစ် တရားဝင် သတ်မှတ်ခဲ့ပြီး ယနေ့အချိန်တွင် SCO အသိုက်အဝန်းအား ၂၇ နိုင်ငံအထိ တိုးမြှင့်လာနိုင်ခဲ့မှု။
ယနေ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒတွေကြောင့် ကမ္ဘာ့ကုန်သွယ်ရေး ကွင်းဆက်တွေ အနှောင့်အယှက်ဖြစ်နေချိန်မှာ SCO ဟာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် အခြားရွေးချယ်စရာတွေကို ပေးအပ်တယ်လို့ နိုင်ငံရေးသုတေသီတွေက ထုတ်ဖော်ပြောဆိုလာ ကြပါတယ်။ ထို့ပြင် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံရေးသံခင်းတမန်ခင်းကိစ္စများ မရေရာမှုများ ကြားမှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့အကြား RIC သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ပြန်လည်အသက်သွင်းဖို့ အခွင့်အလမ်းတွေလည်း ပေါ်ထွက်လာတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ခုနစ်နှစ်အတွင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံအကြား နယ်စပ်တင်းမာမှုတွေရှိနေပေမယ့် အေးစက်နေတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နွေးထွေးစေခဲ့ပါတယ်။ ယခုအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ၎င်းရဲ့အရေးကြီးဆုံးစွမ်းအင် မိတ်ဖက်နှစ်ဦးဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ တစ်ပြိုင်နက်တွေ့ဆုံခဲ့ကြတာကလည်း သမိုင်းဝင် ပေါင်းစည်းမှုတစ်ခုအဖြစ် တွေ့မြင်ခဲ့ရပါတယ်။ အစည်းအဝေးမှာ သုံးနိုင်ငံတွေ့ဆုံခဲ့ကြပြီး မြောက်ပိုင်းပင်လယ် စင်္ကြံ(Northern Sea Route) ကို အသုံးပြုကာ ကုန်သွယ်ရေးချဲ့ထွင်ဖို့ သဘော တူညီခဲ့ကြသလို ရုရှားရဲ့ စွမ်းအင်အရင်းအမြစ်များ၊ အိန္ဒိယရဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ တရုတ်ရဲ့ လမ်းပန်းဆက်သွယ်ရေးစီမံချက်များကို ပေါင်းစပ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။ အလားတူ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုအနေနဲ့ အာရှတိုက်အတွင်း စစ်ရေးအရ တင်းမာမှုများလျှော့ချရေးအတွက် သုံးနိုင်ငံအကြား နယ်စပ်ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် အာဖဂန်နစ္စတန်နဲ့ ဗဟိုအာရှဒေသ မငြိမ်သက်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ ညှိနှိုင်းခဲ့ကြ တာကိုလည်းတွေ့ရှိရပါတယ်။ အလားတူ ကုလသမဂ္ဂ (UN)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ BRICS၊ G20 စတဲ့ နိုင်ငံစုံပလက်ဖောင်းတွေမှာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား အတူလက်တွဲ တွန်းအားပေးသွားဖို့ သဘောတူညီခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။ BRICS နဲ့ SCO ကဲ့သို့ အစုအဖွဲ့သစ်တွေမှာ ဘက်ပေါင်းစုံသဘောတူညီမှုအပေါ် အခြေခံပြီး အာရုံစိုက်ဆုံးဖြတ်ချက်ချမှုတွေက အပြန်အလှန် လေးစားမှုနဲ့ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံထားတဲ့ သံတမန်ဆက်ဆံရေး ခေတ်သစ်တစ်ခုကို ဖော်ညွှန်းလျက်ရှိပါတယ်။
ယနေ့ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ စပ်လျဉ်းကာ NATO နဲ့ G7 ကဲ့သို့ အနောက်တိုင်းအဖွဲ့အစည်းတွေ ဟာ ကျစ်ကျစ်လျစ်လျစ် ပြန်လည်စုဖွဲ့နေချိန်မှာ အာရှရပ်ဝန်းနဲ့ တောင်ကမ္ဘာခြမ်း (Global South) ကို စင်စစ်ကိုယ်စားပြုနိုင်တဲ့ SCO အဖွဲ့အစည်းတစ်ခု အဖြစ် ပုံဖော်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ SCO ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကျော်လွန်ပြီး ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး၊ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ရည်ရွယ်ချက်တွေနဲ့ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိနေတာကို မြင်တွေ့နိုင်ပါတယ်။ သာဓကအားဖြင့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ တရုတ်-ရုရှား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်းလုံခြုံရေးအစီအစဉ်သစ်ကို ပုံဖော်ဖို့နဲ့ ဘက်ပေါင်းစုံမှ ဖိအားဒဏ်တွေကို တန်ပြန်ဖို့ ရည်ရွယ်တာမျိုးဖြစ်ပါတယ်။
အနောက်အင်အားကြီးနိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုအခြေအနေတွေကြောင့် တရုတ်-ရုရှား- အိန္ဒိယကဲ့သို့ အာရှအင်အားကြီးသုံးနိုင်ငံကို ပိုမိုစည်းလုံးသွားစေတဲ့ အခွင့်အလမ်းများဖြစ်ပေါ်လာခဲ့ပါတယ်။ တရုတ်ပြည်သူတွေရဲ့ ဂျပန်ခုခံတော်လှန် ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေး ပြအခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တက်ရောက်လာခဲ့တာဟာလည်း ထူးခြားမှုများစွာ ရှိနေခဲ့ပါတယ်။ ကင်ဂျုံအန်ရဲ့ ဒီပွဲတက်ရောက်မှုဟာ ၁၉၅၉ ခုနှစ်နောက်ပိုင်း ပေကျင်းက တရုတ်စစ်ရေးပြအခမ်းအနားကို မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးအနေနဲ့ တက်ရောက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါဟာ Multipolar World ကို ပိုမိုပီပြင်စွာ ပေါ်ထွန်းစေခဲ့တဲ့ သမိုင်းအလှည့်အပြောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ယခုလို မြောက်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်နဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုကျော်တက်ရောက်ခဲ့တဲ့ သံခင်းတမန်ခင်း ဆက်နွှယ်လာမှုများကလည်း SCO အား စီးပွားရေးဆိုင်ရာကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုထက်ပိုမိုတဲ့ အာရှဗဟိုပြု မဟာဗျူဟာကျတဲ့ စုစည်းမှုကြီး တစ်ခုအဖြစ် သန်မာအားကောင်းစေပြီး ကမ္ဘာ့အင်အား ကြီးနိုင်ငံတွေရဲ့စနစ်ကို ဟန်ချက်ညီတုံ့ပြန်နိုင်စေဖို့ အသင့်ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ယနေ့ တရုတ်နိုင်ငံ ရဲ့ဦးဆောင်မှုနဲ့ Global South နိုင်ငံတွေရဲ့ ပေါင်းစည်းအားထုတ်မှုတွေကိုလည်း ကမ္ဘာကိုပြသဖို့ အကောင်းဆုံး အချိန်အခါကောင်းအဖြစ် ရောက်ရှိလာပြီလို့ဆိုရမှာဖြစ်တယ်။
မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများ....
လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေများ၊ အထူးသဖြင့် အမေရိကန်သမ္မတ အပြောင်းအလဲနဲ့အတူ ကုန်သွယ်ခွန်ကိစ္စရပ်များ၊ မြေရှားသတ္တုကိစ္စများနဲ့ အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုများအကြား တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိနေဖို့ အထူးလိုအပ်လာပါတယ်။ တရုတ်နိုင်ငံရဲ့ “ပိုးလမ်းမစီမံကိန်း”မှာ အဓိကအစိတ်အပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံကိုဖြတ်သန်းကာ ပင်လယ်ထွက်ပေါက်ရရှိခြင်း အပါအဝင် မဟာဗျူဟာမြောက် အကျိုးစီးပွားများစွာ တည်ရှိနေတာကြောင့် တရုတ်နိုင်ငံရဲ့ မြန်မာအပေါ်ထားရှိတဲ့ မူဝါဒဟာ ပိုမိုပြတ်သားလာပြီလို့ လေ့လာ သူများက မှတ်ချက်ပြုပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ SCO ရဲ့ ဆွေးနွေးဖက်နိုင်ငံ (Dialogue Partner) အဆင့်သာရှိသေးသော်လည်း ယခုအစည်း အဝေးမှာ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာစေရေး အဖွဲ့ဝင် အားလုံးရှေ့မှာ ဆန္ဒပြုပြောဆိုခဲ့တာတွေကိုလည်း တွေ့ရှိရပါတယ်။ SCO ဟာ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးနဲ့ ကမ္ဘာ့မြေဧရိယာရဲ့ လေးပုံတစ်ပုံကို ကိုယ်စားပြုတဲ့ Major Powers များ စုစည်းရာ အဖွဲ့အစည်းဖြစ်ပြီး ယင်းရဲ့ဆက်စပ်အစည်းအဝေး၊ ဆွေးနွေးပွဲတွေကို တက်ရောက်ခြင်းနဲ့ အကြီးအကဲတွေအချင်းချင်း တွေ့ဆုံဆွေးနွေးခဲ့ခြင်းတွေဟာ မြန်မာနိုင်ငံအား နိုင်ငံတကာအသိုက်အဝန်းရဲ့ နွေးထွေးစွာ အသိအမှတ်ပြုမှုကို ပိုမိုရရှိစေခဲ့ ပါတယ်။ ဤစင်မြင့်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကြိုးပမ်းမှုတွေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အကြောင်း ကမ္ဘာကိုအသိပေး ချပြနိုင်ခဲ့ပါတယ်။ ယခုကဲ့သို့ သမိုင်းဝင်တွေ့ဆုံမှုတွေက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှုနဲ့ထောက်ခံမှုကို ရရှိစေပြီး နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အထောက်အကူပြုမယ့် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်ကို ခိုင်မာလေးနက်စွာ ပုံဖော်ချိတ်ဆက် တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
SCO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကုန်သွယ်မှုပိုင်းဆိုင်ရာအား လေ့လာကြည့်ရာမှာ ၂၀၂၄ ခုနှစ်မှာတရုတ်နဲ့ အခြား SCO အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၅၁၂ ဒသမ ၄ ဘီလီယံအထိရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ တရုတ် လုပ်ငန်းကုမ္ပဏီတွေဟာ SCO အခြားအဖွဲ့ဝင် နိုင်ငံတွေမှာ လုပ်ငန်းစုစုပေါင်း ၃၀၀၀ ကျော် တည်ထောင်ထားပြီးဖြစ်ကာ နှစ်စဉ်ပျမ်းမျှ အလုပ်အကိုင်နေရာ နှစ်သိန်းကျော်ကို ဖန်တီးပေးနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ SCO နဲ့ ဆက်ဆံမှုတွေ နက်ရှိုင်းလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုများစွာကို ပိုမိုဆွဲဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် အတွင်း တရုတ်နိုင်ငံဟာ SCO အဖွဲ့ဝင်နိုင်ငံတွေမှ အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံတန်ဖိုးရှိ ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးများ တင်သွင်း နိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ SCO အတွင်း သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ထောက်ပံ့ရေး ကဏ္ဍတွေမှာ ရှေ့တန်းကပါဝင်လာနိုင်ပြီး စိုက်ပျိုးရေးထုတ်ကုန်တွေ (ဆန်၊ ပဲ၊ နှမ်း)နဲ့ သစ်တောထွက် ပစ္စည်းတွေအပါအဝင် အခြားစွမ်းအင်သုံးကုန်ကြမ်းတွေကို နိုင်ငံတကာဈေးကွက်ကြီးဆီကို တင်ပို့နိုင်ဖို့ အခွင့်အလမ်းများစွာ ရရှိနိုင်မှာဖြစ်ပါတယ်။ SCO ရဲ့ “စိမ်းလန်းတဲ့ဖွံ့ဖြိုးမှုဖိုရမ်” ကဲ့သို့ မဟာဗျူဟာမြောက် ဆွေးနွေးပွဲတွေကို တက်ရောက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ငွေကြေးနဲ့နည်းပညာပံ့ပိုးမှုတွေ ရရှိလာမှာဖြစ်ပါတယ်။ SCO အဖွဲ့ဝင်နိုင်ငံအချို့ဟာ စိုက်ပျိုးရေး အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ထားရှိခြင်းနဲ့အတူ ၎င်းတို့ထံမှ ခေတ်မီစိုက်ပျိုးရေး နည်းပညာတွေ သင်ယူနိုင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
လုံခြုံရေးဆိုင်ရာ ပူးပေါင်းရယူနိုင်မယ့် အခွင့်အလမ်းတွေအဖြစ် SCO ရဲ့ ဒေသတွင်း အကြမ်းဖက် မှုတိုက်ဖျက်ရေးအဖွဲ့ (Regional Anti-Terrorist Structure -RATS)မှတစ်ဆင့် ဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုတွေဖြစ်တဲ့ အကြမ်းဖက်ဝါဒ၊ ဆိုက်ဘာလုံခြုံရေး၊ မူးယစ်ဆေးဝါးကုန်ကြမ်းများ တင်သွင်းမှုနဲ့ လက်နက်မှောင်ခိုကိစ္စရပ်များ စတာတွေကို ပူးပေါင်းတိုက်ဖျက်ရာမှာ နည်းပညာနဲ့ သတင်းအချက်အလက်ဖလှယ်မှုတွေကို ထိထိ ရောက်ရောက် ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေနဲ့ နယ်စပ်ဒေသလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ခြင်းနဲ့အတူ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအားကောင်းစေမှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ယခုအခါ အင်အားကြီးနိုင်ငံ အချို့သည် အခြားနိုင်ငံများ၏ ၎င်းတို့နှင့်လိုက်လျော ညီထွေဖြစ်သည့် ဒီမိုကရေစီနှင့်အညီ ရပ်တည် ဆောင်ရွက်နေမှု၊ ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် အခြေအနေများကို ဥပေက္ခာပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေးဖိအားပေးမှုမျိုးစုံဖြင့် အနိုင်ကျင့်နေကြပါကြောင်း၊ ယခုကဲ့သို့အခြေအနေ မျိုးကို တုံ့ပြန်နိုင်ဖို့ အတွက် SCO အဖွဲ့ကို စီးပွားရေး ပေါင်းစည်းမှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် မဟာဗျူဟာကျသည့် အဖွဲ့အစည်းတစ်ခုအဖြစ်သို့ အသွင်ကူးပြောင်းလာခဲ့ရာ လက်ရှိအခြေအနေတွင် အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ လေ့လာသူအဆင့် နိုင်ငံများအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး Platform တစ်ခုအဖြစ် ရောက်ရှိလာပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန် လျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅-၂၀၃၅ ကာလအတွက် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (SCO Development Strategy for the Next Decade : 2025-2035)ကို ကြိုဆိုထောက်ခံပါကြောင်း၊ အနာဂတ်တွင်လည်း ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု(SCO)၏ မူဘောင်များအတွင်းရှိရင်း စွဲချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် လေးစားမှုတို့အပေါ်အခြေခံပြီး ဘုံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း” အလေးအနက်ဆွေးနွေး ပြောကြားခဲ့ပါတယ်။
သို့ဖြစ်ရာ မကြာသေးခင်က တီယန်ကျင်းမှာ အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ SCO ထိပ်သီးအစည်းအဝေးဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ နည်းပညာဆိုင်ရာ အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေးလာခဲ့ပြီဖြစ်ပါတယ်။ အထူးသဖြင့် အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးကဏ္ဍများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးသာမက လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များမှာ SCO နိုင်ငံများအကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်တော့မှာဖြစ်ပါတယ်။ ယနေ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်း အဝေးကြီးဟာ မကြာခင် မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေးနဲ့ အနာဂတ်စာမျက်နှာသစ် ဖွင့်လှစ်ရာမှာ ရေရှည်တည်တံ့ပြီး ကြံ့ကြံ့ခံနိုင်ရည် ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပြည့်စုံကြွယ်ဝတဲ့ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတို့အတွက် အခွင့်အလမ်းကောင်းများရရှိစေခဲ့ပြီး မဟာဗျူဟာ ပေါင်းစည်းမှု မှတ်တိုင်ကြီးတစ်ခုအဖြစ် သမိုင်းတင် စွဲထင်ကျန်ရစ်စေမှာ ဖြစ်ပါကြောင်း.....။ ။


