ပဲခူး စက်တင်ဘာ ၉
မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်(၂ဝ၂၅) အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်(၂၀၂၅) သို့ တက်ရောက်ခဲ့သည့် ပဲခူးတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်လှစ်
ဦးစွာ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက လူငယ့်အားမာန် သီချင်းဖြင့် ဆွေးနွေးပွဲကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်မောင်မယ်များသည် အနာဂတ်ကိုစောင့်ဆိုင်း နေသူများမဟုတ်ကြောင်း၊ ပစ္စုပ္ပန်ကို မောင်းနှင်နေကြသူများဖြစ် သကဲ့သို့ အနာဂတ်ကို ထုဆစ် ပုံဖော်နေကြသည့် ဗိသုကာပညာရှင်များဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဖိုးတန်ဆုံး ရတနာများ ဖြစ်သည့် လူငယ်များအနေဖြင့် လန်းဆန်းတက်ကြွသည့် အသွင်သဏ္ဌာန်များ၊ ယုံကြည်ရဲရင့်သည့် စိတ်ဓာတ်များဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ကဏ္ဍစုံ၊ ဘက်ပေါင်းစုံမှ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားပြီး ပဲခူးတက္ကသိုလ်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နှုတ်ခွန်းဆက် စကားပြောကြားပြီး ပဲခူးတက္ကသိုလ် အတွက် အားကစားပစ္စည်းများ ပေးအပ်ကာ အုပ်ချုပ်သူတစ်ဦးက မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် (၂၀၂၅) သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပဲခူးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက “ပန်းတိုင်းပွင့်ပါစေ” တေးသီချင်း ဖြင့် ဖျော်ဖြေပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များ၊ ပဲခူးတက္ကသိုလ်ရှိ အနုပညာအသင်း၊ ဗုဒ္ဓဘာသာအသင်း၊ အားကစားအသင်း၊ ခြေလျင်တောင်တက်အသင်းနှင့် ကြက်ခြေနီအသင်းအတွက် ဂုဏ်ပြုငွေများ ပေးအပ်သည်။
ပြန်လည်ဆွေးနွေး
ဆွေးနွေးပွဲတွင် မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်(၂၀၂၅)သို့ တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များက “ပြောင်းလဲနေသောကမ္ဘာနှင့် မြန်မာ-ပထဝီနိုင်ငံရေး”၊ “ပြောင်းလဲနေသော ကမ္ဘာနှင့် မြန်မာ-ပထဝီ စီးပွားရေး” ခေါင်းစဉ်များဖြင့် ဆွေးနွေး ပြောကြားကြပြီး အုပ်ချုပ်သူတစ်ဦးက ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ အနှစ်ချုပ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


