ပွင့်ဖြူ   စက်တင်ဘာ  

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသော နှမ်း ဧက ၈၆၄၀ ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်း ၂၄၀၆၅ ဧက စိုက်ပျိုးနိုင်ခဲ့၍ အဆိုပါနှမ်းစိုက်ခင်းများကို ယခုနှစ် ဩဂုတ်လဒုတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧက ၈၆၄၀ အထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် နှမ်း ၉ ဒသမ ၄၂ တင်း ထွက်ရှိကြောင်း သိရသည်။

 

ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်အတွင်း နှမ်း ၂၄၀၆၅ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီနှမ်းစိုက်ခင်းတွေကို လက်ရှိမှာရိတ်သိမ်းလျက်ရှိပြီး ဒီနေ့ထိ ဧက ၈၆၄၀ ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ၉ ဒသမ ၄၂ တင်း ထွက်ရှိပါတယ်။ နှမ်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး ဒေသတွင်းဆီစားသုံးမှုဖူလုံစေဖို့၊ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး တောင်သူတွေကို တိုးချဲ့စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ စိုက်ပျိုးရာမှာလည်း GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်ဖို့ နည်းပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ရိတ်သိမ်းပြီးနှမ်းတွေကို အရည်အသွေးကောင်းမွန်အောင် စနစ်တကျထိန်းသိမ်းကြဖို့နဲ့ ရိတ်သိမ်းရန်ကျန်ရှိတဲ့ နှမ်းခင်းတွေကို အချိန်မီရိတ်သိမ်းခြွေလှေ့နိုင်အောင်   ကွင်းဆင်းဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး အထွက်နှုန်းနှမ်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေးနှင့် ပိုးမွှားရောဂါကင်းရှင်းရေး၊ မြေဩဇာနှင့် သွင်းအားစုများ အချိန်ကိုက်သုံးစွဲတတ်စေရေး စသည့်တောင်သူအသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သဖြင့် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရသည်။     

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)