စက်တင်ဘာ ၁၀
လွန်ခဲ့သောလသည် ကမ္ဘာ့တတိယအပူဆုံးသြဂုတ်လအဖြစ် စံချိန်တင်ခဲ့ရာ တောမီးလောင်ကျွမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်အခြေအနေတို့ကို မီးမောင်းထိုးပြခဲ့ကြောင်း ဥရောပသမဂ္ဂ (EU) ရာသီဥတုစောင့်ကြည့်ရေးကွန်ရက်က ယမန်နေ့ကပြောကြားသည်။
အနောက်တောင်ဥရောပတွင် တတိယမြောက်နွေရာသီ အပူလှိုင်းဒဏ်ခံစားခဲ့ရပြီး စပိန်နှင့် ပေါ်တူဂီတို့တွင် မီးလောင်ကျွမ်းမှုများ ကြုံတွေ့ရကာ အာရှ၏နေရာအတော်များများတွင် အပူချိန်စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိသွားသည့်လအတွင်း ပျမ်းမျှအပူချိန်အထက်သို့ ရောက်ရှိမှုနှင့်ကြုံတွေ့ခဲ့ရသည်။
လေထုမှ ပိုလျှံနေသောအပူများကို စုပ်ယူခြင်းဖြင့် ကမ္ဘာမြေကြီး၏ရာသီဥတုကို ပြန်လည်ထိန်းညှိပေးသည့် ကမ္ဘာ့သမုဒ္ဒရာများသည်လည်း ဩဂုတ်လအတွက် အပူချိန်စံချိန်တင်လုနီးပါးဖြစ်ကြောင်းနှင့် ပူပြင်းသောပင်လယ်များသည် ရာသီဥတုအလွန်ဆိုးရွားမှုနှင့် ဆက်စပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့သမုဒ္ဒရာများသည် ပုံမှန်မဟုတ်သော ပူနွေးမှုနှင့်အတူ ဖြစ်ရပ်များသည် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန် အရေးကြီးရုံသာမက ပြင်းထန်သောရာသီဥတုလွန်ကဲမှုများနှင့် လိုက်လျောညီထွေရှိရန်လည်းပဲ အရေးကြီးသောလိုအပ်ချက်များဖြစ်သည်ဟု ဉရောပသမဂ္ဂ၏ Copernicus ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာဆိုင်ရာ ဦးဆောင်သူက ပြောကြားသည်။
ဩဂုတ်လက ကမ္ဘာလုံးဆိုင်ရာပျမ်းမျှအပူချိန်သည် စက်မှုခေတ်မတိုင်မီအချိန်များထက် ၁ ဒသမ ၂၉ ဒီဂရီစင်တီဂရိတ်အထက်ရှိနေကာ ၂၀၂၃ ခုနှစ်က သတ်မှတ်ထားသောလစဉ်အပူချိန်ထက် အနည်းငယ်အေးနေပြီး ၂၀၂၄ ခုနှစ်နှင့် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။
ထိုကဲ့သို့ တိုးမြင့်လာမှုသည် သေးငယ်ပုံပေါ်နိုင်သော်လည်း ရာသီဥတု မတည်မငြိမ်ဖြစ်ကာ မုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားပြီး ပိုမိုပြင်းထန်စေကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ၊ အေအက်ဖ်ပီ
ဘာသာပြန်-မြင့်မြင့်ချို


