ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက် ၁ဝ နာရီက ကျင်းပသည်။
ဦးစွာ မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနိုင်က ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိမ်းလဲ့က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စိမ်းလဲ့နှင့် အ.ထ.က(၁)မှ ဆရာမ ဒေါ်ဝေဝေဦးတို့က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ ကျောင်းသား၊ ကျောင်းသူလေးဦးက လူငယ်နှင့် စာပေ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် နည်းပညာ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတွင် စကားပုံဆက်ပြိုင်ပွဲ၊ ပင်ဘောင်ဘောလုံးပစ်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)


