ပေကျင်း စက်တင်ဘာ ၁၀

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) က ကြီးမှူး၍ CICG Institute ၏ ထောက်ပံ့ကူညီမှုဖြင့် ကျင်းပသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ Omnimedia သတင်းမီဒီယာ အယ်ဒီတာများနှင့် စာနယ်ဇင်းသမားများ တွေ့ဆုံဆွေးနွေးပွဲဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Beijing ZIYU ဟိုတယ်၌ ကျင်းပသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဒေသတွင်း အာဆီယံနိုင်ငံများအကြား မီဒီယာနှင့်ဆက်နွှယ်သော နယ်ပယ်ကဏ္ဍ အသီးသီးတွင် ယဉ်ကျေးမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် အပြန်အလှန် ဆွေးနွေးခြင်းများမှ တစ်ဆင့် ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

 

တက်ရောက်

စက်တင်ဘာ ၉ ရက်မှ ၂၈ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပလျက်ရှိသည့် “Seminar for Omnimedia Editors and Journalists from ASEAN Countries” ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပညာရှင်များ၏ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးပွဲ ၁၁ ခုကျင်းပခြင်းနှင့် ယဉ်ကျေးမှု အတွေ့အကြုံများ ဖလှယ်နိုင်ရေး အထင်ကရနေရာများသို့ လေ့လာရေးခရီး သွားရောက်မည့် အစီအစဉ်များပါဝင်ပြီး အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်ငါးဦး အပါအဝင် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် ၂၅ ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဖြူလူသစ်