ရန်ကုန် စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် အာရှ ကျောင်းများဖိတ်ခေါ်(တာတို)ရေကူးပြိုင်ပွဲ Asian Open Schools Invitational (Short Course) Swimming Championships 2025 တွင် မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် Sakura Swimming Club မှ ရေကူးကစားသမားများက ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ရှစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခုရရှိခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်က လူငယ်မျိုးဆက်သစ်တွေ ရွေးချယ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ဆာကူရာ ကလပ်အသင်းအနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်ရင်းနဲ့ အခုလို မျိုး ဆုရခဲ့တာပါ။ ကျွန်တော်တို့ ပြိုင်တာ နှစ်ပွဲရှိသွားပါပြီ။
ပထမအကြိမ် ပြိုင်တုန်းကတော့ အကြီးတန်းမှာ ငွေတံဆိပ်တစ်ခုရတယ်၊ အငယ်တန်းမှာ ရွှေတံဆိပ်ရတယ်၊ အခုဒီနှစ်ကျတော့ ကျွန်တော်တို့ အတန်းစုံပေါ့၊ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်သုံးမျိုးလုံး ရခဲ့ပါတယ်၊ ဒီထဲမှာမှ ပထမဦးဆုံးရတဲ့ရွှေတံဆိပ်က အခုအသစ်စသင်တဲ့ ခြောက်နှစ်အရွယ် ကလေးက ရရှိခဲ့တာဖြစ်ပါတယ်”ဟု Sakura Swimming Club နည်းပြချုပ်၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမြင့်လွင်က ပြောသည်။
အဆိုပါပြိုင်ပွဲသို့ အာရှနိုင်ငံကျောင်းများမှ ရေကူးကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Sakura Swimming Club မှရေကူးကစားသမား ၁၉ ဦးနှင့် အုပ်ချုပ်နည်းပြများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ Sakura Swimming Club မှ ရေကူးကစားသမား ဇော်မျိုးထက်က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ ဉာဏ်လင်းထူးက ကြေးတံဆိပ်တစ်ခု၊ ဇွဲညီဟိန်းက ကြေးတံဆိပ်တစ်ခု၊ ဆုပြည့်မွန်ဦးက ရွှေတံဆိပ်တစ်ခု၊ နွေးဧကရီရှိန်းက ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ အံ့ဘုန်းသော်က ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခုတို့ကို နိုင်ငံ့ဂုဏ်ဆောင်ဆွတ်ခူးနိုင်ခဲ့ကြကြောင်း သိရသည်။
လင်းရာမ


