ရန်ကုန် စက်တင်ဘာ ၁၀
၂၀၂၅-၂၀၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၆) ပထမနေ့ကို စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ ပဒုမ္မာကွင်း၌ ကျင်းပရာ လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းက ရန်ကုန်စီးတီးအသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရခဲ့သည်။
လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းသည် ဇယားထိပ်ပိုင်းမှ အသင်းများကို အမီလိုက်ရန် ပထမအကျော့ လက်ကျန်ပွဲများတွင် အမှားအယွင်းမရှိကစားနေပြီး ရန်ကုန်စီးတီးအသင်းမှာမူ အသင်းကြီးများကို ယှဉ်ကစားနိုင်ရန် မလွယ်ကူသေးဘဲ ဂိုးပြတ်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။
အား/ကာသိပ္ပံအသင်းသည် ယခုပွဲတွင် အမာခံကစားသမားအများစုကို အနားပေးထားပြီး မိုးမိုးသန်း၊ သန်းသန်းနွယ်၊ လင်းလဲ့ဦး၊ စန္ဒာလင်း၊ ဆုပြည့်ပြည့်ကျော်တို့ဖြင့် ပွဲထွက်လာသည်။ အား/ကာ သိပ္ပံအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားပြီး ပထမပိုင်းမှာပင် ငါးဂိုးပြတ်အနိုင်ရနေခြင်း ဖြစ်သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ၁၀ မိနစ်တွင် ဆုပြည့်ပြည့်ကျော်၊ ၁၅ မိနစ် တွင် မိုးပွင့်ဖြူ၊ ၂၁၊ ၂၃ မိနစ်တွင် ဝေနှင်းဖြိုး၊ ၄၁ မိနစ်တွင် သန်းသန်းနွယ်၊ ၅၄ မိနစ်တွင် ကေသွယ်ဖြိုးဦး၊ ၅၇ မိနစ်တွင် အေးစန္ဒီထက်တို့က သွင်းယူခဲ့သည်။
ပွဲစဉ်(၆) ဒုတိယနေ့အဖြစ် စက်တင်ဘာ ၁၁ ရက်တွင် YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ ပဒုမ္မာကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ချစ်ကိုကို၊ ဓာတ်ပုံ-MWL


