နေပြည်တော် စက်တင်ဘာ ၁၀

 

ဆီဆိုင်မြို့၊ အောင်မြေသာစံမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ  သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီခွဲတွင်  ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီး ဆိုက်ခေါင်-မောက်မယ်သွားလမ်းတွင် မောက်မယ်ဘက်မှ ဆိုက်ခေါင်သို့ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီလုံးဟီးကျေးရွာနေ ခွန်မောင်ကံ (ခ) သိန်းဇော် (၂၉) နှစ် မောင်းနှင်ပြီး ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ထီလုံးဟီးကျေးရွာနေ နန်းဗွာ (၄၄) နှစ် လိုက်ပါလာသော ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂၅ သိန်း) ကို ဖမ်းဆီးရမိခဲ့သည်။

 

ထို့ပြင် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီ တွင် သတင်းအရ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်း ရပ်ကွက်၊ ၈၉ လမ်း၊ ၁၈ လမ်း x ၁၉ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်နေ ဖုန်းမြင့်နိုင် (၂၈) နှစ် မောင်းနှင်ပြီး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်နေ သက်ဇော်ဦး (၃၀) နှစ် လိုက်ပါလာသော MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄ ဒသမ ၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၈ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၃၆ သိန်း) ကို ဖမ်းဆီးရမိခဲ့သည်။

 

စစ်ဆေး ဖော်ထုတ်ချက်အရ ဖုန်းမြင့်နိုင်ငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ နေအိမ်မှ ဘိန်းစိမ်း  ၇ ဒသမ ၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၈ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၆၀) ထပ်မံသိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်