ကျောက်ဖြူ   စက်တင်ဘာ   ၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ၂၀၂၅ -၂၀၂၆ ခုနှစ်  အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က မြို့မအားကစားဘောလုံးကွင်းကြီး၌ကျင်းပရာ    ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ   ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊  ခရိုင်ပညာရေးမှူး၊  ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊  ကျောင်းသား  ကျောင်းသူများနှင့်  ဘောလုံးပွဲဝါသနာရှင် ပြည်သူများ လာ‌ရောက် ကြည့်ရှုအားပေးသည်။

ဦးစွာ ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မြို့ပေါ်အားကစားဝါသနာရှင် လူငယ်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကစားခဲ့ကြသည်။ ထို့နောက် ကျောင်းပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲသို့  လာရောက်အားပေးကြသည့် ကျောင်းသား ကျောင်းသူများကို  ဆရာ ဆရာမများက  မြူးမြူးကြွကြွ  အားကစားတေးသီချင်းများ၊  ရခိုင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ပေးခဲ့သည်။   ဆက်လက်၍  အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား)  ဘောလုံးပြိုင်ပွဲ   ဗိုလ်လုပွဲကို   ဆက်လက်ကျင်းပရာ အထက-(၁)ဘောလုံးအသင်းနှင့် အထက(၃) ဘောလုံးအသင်းတို့  အကြိတ်အနယ်  ယှဉ်ပြိုင်ကစားခဲ့ကြပြီး အထက-(၁) ဘောလုံးအသင်းက  အထက(၃) ဘောလုံးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ယင်းနောက်   ဆုပေးပွဲကို    ဆက်လက်ကျင်းပရာ   ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲတို့၌ ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုဆုများ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယဆုရရှိသည့် အသင်း များအား ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  လည်ဆွဲဆုတံဆိပ်၊ ဆုဒိုင်း၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ  အခြေခံပညာကျောင်းပေါင်းစုံ  အားကစားပြိုင်ပွဲကို   စက်တင်ဘာ ၁ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။         

တင်ထွန်းဦး(ပြန်/ဆက်)