ပုသိမ်  စက်တင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး  (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့်   ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

ဦးစွာ  ဧရာဝတီတိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရ ပြိုင်ပွဲဝင်များက “ နှလုံးသား ကို အလှဆင်ပါ တေးသီချင်းဖြင့် သီဆိုတီးခတ်ကပြ ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုပြိုင်ပွဲ တွင် ရွှေ ၇၅ ခု၊ ငွေ ၄၂ ခု၊ ကြေး ၃၁ ခု၊ နှစ်သိမ့်ဆု ၂၅ ခု၊ ဂုဏ်ပြုဆုတစ်ခု၊ စုစုပေါင်း ၁၇၄ ခု ချီးမြှင့်နိုင်ခဲ့ပြီး ယခင်နှစ်ထက်  ပိုမိုကြိုးစား ယှဉ်ပြိုင်ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့  ကြိုးစားအားထုတ် ယှဉ်ပြိုင်မှုကို အသိအမှတ်ပြုကြောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များ အနေဖြင့် ယခင်နှစ်ဗဟိုအဆင့် ပြိုင်ပွဲတွင်ရရှိခဲ့သည့် ဆုတံဆိပ်များထက်  ပိုမိုရရှိအောင်  ဆောင်ရွက် နိုင်ပါစေကြောင်း  ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တာဝန်ရှိသူ များက ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၏ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒိုင်ချုပ်များ၊ တေးသံရှင်များ၊ ခရိုင် အလိုက် အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ တံခွန်စိုက် တတိယဆုရရှိသည့် မအူပင်ခရိုင်၊ ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်နှင့် ပထမဆုရရှိသည့် ပုသိမ်ခရိုင် တို့အား ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကိုလည်း ကောင်း ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ကာ နိုင်ငံကျော် တေးသံရှင် ဝါးခယ်မရဲမောင်၊ ဖျော်ဖြေရေးအဖွဲ့များ၊ ပြိုင်ပွဲတွင်ဆုရရှိသူများ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။     

တိုင်းဒေသကြီး(ပြန်/ဆက်)