စက်တင်ဘာ ၁၁
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းနှင့်အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ၁၉ ဦးထက်မနည်းသေဆုံးပြီး အခြား ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအေဂျင်စီ ဘာလီရုံး၏ပြောရေးဆိုခွင့်ရှိသူက ရေကြီးမှုကြောင့် ဘာလီကျွန်းတွင် ၁၃ ဦး သေဆုံးပြီး ခြောက်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ယနေ့တွင်ပြောကြားသည်။ ဒေသအများအပြားတွင် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှု ၁၈ ခု ဖြစ်ပွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။
မိုးလေဝသ၊ ရာသီဉတုနှင့်ဘူမိရူပဗေဒအေဂျင်စီက စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့အတွင်း ဘာလီကျွန်းတွင် မိုးရေချိန် ၁၅၀ မီလီမီတာ စံချိန်တင်မိုးရွာသွန်းမှုဖြစ်ပွားခဲ့ကြောင်းနှင့် သီတင်းပတ်တစ်ပတ်လုံး မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတိပေး ပြောကြားထားသည်။
အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် ရေကြီးမှုကြောင့် နေအိမ်များ၊ လယ်မြေများ ပျက်စီးခဲ့ပြီး ခြောက်ဦးသေဆုံးကာ လေးဦးပျောက်ဆုံးလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် နေဆဲဖြစ်ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျော့ပါးရေးအေဂျင်စီအကြီးအကဲက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ မိုးရာသီသည် အများအားဖြင့် နိုဝင်ဘာလမှ ဧပြီလအထိဖြစ်ပြီး ထိုကာလအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားလေ့ရှိသော်လည်း ရာသီဥတုဖောက်ပြန်မှုသည် မိုးရာသီကို ရှည်ကြာစေပြီး မကြာသေးမီနှစ်များအတွင်း မိုးသည်းထန်စွာရွာသွန်းကာ ပိုမိုဆိုးရွားသော သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


