၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၈၄၂၅ ပင် စိုက်ပျိုးခဲ့

နေပြည်တော် စက်တင်ဘာ ၁၁

 

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ် ဌာနချုပ် အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ် တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

 

ဦးဆောင်စိုက်ပျိုး

ယနေ့တွင် ၂၀၂၅ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိုးရာသီ ကာလသို့ ရောက်ရှိလာပြီဆိုပါက မြေဆီမြေနှစ်များ နိုးကြားပြီး ထိုအချိန်တွင် တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပပြုလုပ်၍ သစ်ပင်များ ကို စဉ်ဆက်မပြတ် စိုက်ပျိုးခဲ့ကြောင်း၊ ယခုပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲသည် ယခုနှစ် အတွက် တတိယအကြိမ် စိုက်ပျိုးသည့်ပွဲဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၏ အဓိကရည်ရွယ်ချက်မှာ သစ်ပင်သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ထို့အပြင် အကြောင်း အမျိုးမျိုးကြောင့် ဆုံးရှုံးလစ်ဟာသွားသည့် သစ်ပင်သစ်တောများ ပြန်လည်အစားထိုးဖြည့်သွင်း စိုက်ပျိုးခြင်းလည်းဖြစ်ကြောင်း။

 

သစ်တောသစ်ပင် မျိုးနွယ်စိတ်များသည် လူနှင့်သတ္တဝါများအတွက် အသက်ရှင်သန်ရန် နေ့စဉ်စားသုံး နေရသည့် အစာကွင်းဆက်တွင် အဓိကအကျဆုံး မူလအရင်းအမြစ်လည်းဖြစ်ကြောင်း၊ ထို့ပြင် သက်ရှိ သတ္တဝါများအားလုံး အသက်ရှင်နေထိုင်နိုင်ရန်အတွက် အပြန်အလှန် သက်ရောက်မှီခိုနေရသည့် သဘာဝဂေဟစနစ် ကောင်းမွန်စွာလည်ပတ်နိုင်ရေး အတွက် အဓိကမောင်းနှင်အား အရင်းအမြစ်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဆုံးရှုံးလစ်ဟာသွားသည့် သစ်တောသစ်ပင်များ အမြန်ဆုံးကုစားစိုက်ပျိုးခြင်း သည် လူသားတိုင်းကိုယ်စီပြုမူသင့်သည့် အလေ့အထ ကောင်းတစ်ခုဖြစ်ကြောင်း။

 

သစ်ပင်သစ်တောများအား အကြောင်းအမျိုးမျိုးကြောင့် ခုတ်ယူခြင်းများရှိသဖြင့် သစ်တောသစ်ပင် များ နည်းပါးလာပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများကြောင့် ရာသီဥတုများ စံချိန်တင်ပူပြင်းခြင်း၊ မုန်တိုင်းများ ဖြစ်ပွားမှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းများကို ကမ္ဘာပေါ်ရှိလူသားများ ခံစား နေရကြောင်း၊ လူသားများ၏ လုပ်ဆောင်မှုများကြောင့် ရာသီဥတုများ ပြောင်းလဲလာခြင်းဖြစ်သဖြင့် လူသားများကပင် ပြန်လည်ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် သစ်တောသစ်ပင်များ စိုက်ပျိုးပေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်ပေးခြင်းများသည် သဘာဝဘေးအန္တရာယ်ကို အထိုက်အလျောက် ထိန်းချုပ်ပေးသည့် အခြေခံအကြောင်းအရာတစ်ခု ဖြစ်ကြောင်း။

 

သစ်ပင်စိုက်ပျိုးခြင်းအလေ့အထသည် မြန်မာ လူမှုပတ်ဝန်းကျင်တွင် “တစ်သက်ပျော်ချင် သစ်ပင် စိုက်”ဆိုသည့် အဆိုအမိန့်စကားတစ်ရပ်ရှိကြောင်း၊ အဓိကအားဖြင့် သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အနေဖြင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင်ထိန်းကြစို့”ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း၊ နိုင်ငံတော်သာယာရန်အတွက် လူတိုင်းလိုလားကြကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်သည့် ၂၀၁၁ ခုနှစ်မှစတင်၍ သစ်ပင် စိုက်ပျိုးပွဲများကို ကျင်းပပြီး သစ်ပင်များကို စိုက်ပျိုးခဲ့ကြောင်း၊ ထိုသို့ စိုက်ပျိုးခဲ့မှုများကြောင့် ယခုအခါ ရေဆင်းဆည် ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်လျက်ရှိခြင်းဖြစ်ကြောင်း၊ ယခင်က တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအရာရှိကြီးများအနေဖြင့်လည်း နေပြည်တော်သို့ ရောက်ရှိချိန်တွင် ၎င်းတို့ယခင်က စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်းပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုကိုကြည့်ရှု၍ စိတ်ကြည်နူးချမ်းမြေ့ရသည်ကို မိမိကိုပြောကြားကြကြောင်း၊ ယခုစိုက်ပျိုးသည့် သစ်ပင်များသည်လည်း နောင်အခါတွင် ရှင်သန်ဖြစ်ထွန်းပြီး သဘာဝပတ်ဝန်း ကျင်ကို ယခုထက်ပိုမို စိမ်းလန်းစိုပြည်စေကာ မိမိတို့အတွက် အမှတ်တရဖြစ်စေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အိမ်တိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်း သစ်ပင်စိုက်ပျိုးရန် မိမိအနေဖြင့် အမြဲတိုက်တွန်း ပြောကြားလျက် ရှိကြောင်း။

 

ယခုအခါ စိမ်းလန်းစိုပြည်သာယာမှုများမှာ အထိုက်အသင့်ရှိလာပြီဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့၏ ဆောင်ရွက်မှုများသည် သားစဉ်မြေးဆက်အထိ အကျိုးခံစားရမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုး ရာတွင် အချိန်၊ ငွေကြေးနှင့် လူအင်အားများ စိုက်ထုတ် သုံးစွဲရသဖြင့်တာဝန်အရ စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ စေတနာထား၍ စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့စိုက်ပျိုးခဲ့သည့် သစ်ပင်များအား တစ်ပင်စိုက်တစ်ပင်ရှင် ဖြစ်စေရန်အတွက် စနစ်တကျ စိုက်ပျိုးရန်နှင့် ရှင်သန်ဖြစ်ထွန်းရန်အတွက် ဆက်လက် ဆောင်ရွက်ရမည့်သူများကလည်း အထူးအလေး အနက်ထား၍ စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည် ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည် သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၈၄၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တတိယ အကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၉၀၀၊ ပျဉ်းကတိုးပင် ၆၀၀၊ ပိတောက်ပင် ၃၀၀၊ မဟော်ဂနီပင် ၆၀၀ စုစုပေါင်းပျိုးပင် ၂၄၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင် စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၄ ကြိမ် ကျင်းပပြုလုပ်၍ ရတနာ တန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၈၄၂၅ ပင်အား စိုက်ပျိုးခဲ့ပြီး ဖြစ်သည်။

 

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၈၆၃၁၂ ပင်ကို စုပေါင်းစိုက်ပျိုး ပေးနိုင်ခဲ့

အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာ တန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံး သီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်း စိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁၃၅၀၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၆၃၉၀၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉၀၀၉ ပင်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၈၇၉၅ ပင်၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၌ ၂၁၅၉၄ ပင်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၌ ၁၀၀၄၇ ပင်၊ ကမ်းရိုးတန်း  ဒေသတိုင်းစစ်ဌာနချုပ်၌ ၁၅၈၈၁ ပင်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်၌ ၁၈၂၀၀၊ အနောက် တောင်တိုင်းစစ် ဌာနချုပ်၌ ၆၁၄၅ ပင်၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်၌ ၂၀၂၇၆ ပင်၊ အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ်၌ ၂၉၂၁၄ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၇၀၁၁ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိ သူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယနေ့တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ် အသီးသီးနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၌ စုစုပေါင်း သစ်ပင် ၁၈၆၃၁၂ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်