ပေါင် စက်တင်ဘာ ၁၁

 

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပေါင်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းတို့က “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကို ဂုဏ်ပြုဆုငွေပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား ကျောင်းသူများက စာပေဖတ်ရှုနေမှု၊ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြု ပြခန်းများ၊ လှပသာယာပြည် မြန်မာဓာတ်ပုံပြပွဲများ၊ ပုဂ္ဂလိက စာအုပ်အရောင်းဆိုင်များ၊ ရုပ်ပုံဆက်၊ စကားလုံးဆက်၊ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

ယင်းနောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ရွှေရတုခန်းမ၌ ကျင်းပရာ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့် ဧည်ခံဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်သိန်း ၅၀ ပေးအပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် သင်္ချာဉာဏ်စွမ်းရည် ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ဆုရကျောင်းသား ကျောင်းသူများက ဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်၍ ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မွန်အကပဒေသာ ဖြင့် ကပြဖျော်ဖြေနေမှုနှင့် “မြန်မာပြည်မှာ စာပဒေသာ ဝေဆာစေ သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများပေးအပ်ပြီး မွန်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)