ဒေါက်တာတင်မာမာဦး (DOA)

ကြက်သွန်နီကို ကမ္ဘာတစ်ဝန်းလုံးတွင် စားသုံးသောစားဖိုဆောင်ဟင်းသီးဟင်းရွက် အုပ်စုအဖြစ် သတ်မှတ်ထားပြီး အဓိကအားဖြင့် အစားအစာနှင့် အချက်အပြုတ်ပြင်ဆင်မှုများတွင် အသုံးပြုသည်။ ကြက်သွန်နီသည် လူတိုင်းနေ့စဉ်စားသုံးနေသော အစားအစာတို့တွင် မပါမပြီး အလွန် အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သည်။ ကြက်သွန်နီသည် အာဟာရတန်ဖိုးကြွယ်ဝပြီး စွမ်းအင်ကိုဖြစ်စေသော အစာတစ်မျိုးဖြစ်သည်။ ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေရုံသာမက စားသုံးသူတို့၏ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။ 
ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါလက် စတိုင်းနိုင်ငံတို့ဖြစ်သည်။ ကြက်သွန်နီကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင်ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံး

ကြက်သွန်နီကို  ဟင်းခတ်အမွှေးအကြိုင် အဖြစ်လည်းကောင်း၊ ဟင်းအနှစ်အဖြစ် လည်းကောင်း စားသုံးကြသကဲ့သို့ ကြက်သွန်ကြော်အဖြစ်လည်း စားသုံးကြသည်။ မြန်မာကြက်သွန်နီသည် ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင်သည့် သီးနှံတစ်မျိုးဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံး၍ ပန်းတိုင်အထွက်နှုန်းရရန် စနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်ပါက ပြည်တွင်းစားသုံးမှုဖူလုံစေပြီး ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရန် ဝင်ငွေတိုးတက်ရရှိနိုင်သည့် ဈေးကွက်ရှိသော သီးနှံတစ်မျိုးဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မြေလတ်ဒေသများဖြစ်သည့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သား၊ ကျောက်ဆည်၊ မုံရွာနှင့် စစ်ကိုင်း စသည့်ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ 

ကြက်သွန်နီသည် ရေကြိုက်သောသီးနှံဖြစ်ပြီး အစိုဓာတ်ရှိသော မြေလွှာအတော်များများတွင် စိုက်ပျိုးနိုင်သည်။ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း အလွန်ချဉ်သောမြေကို မနှစ်သက်ခြင်းကြောင့် အောက်မြန်မာပြည်တွင်  စိုက်ပျိုးမှုနည်းသည်။ မြေဩဇာကောင်းမွန်ထက်သန်သော နုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ ကြက်သွန်နီ စိုက်ပျိုးရန် အကောင်းဆုံးမြေချဉ်ငန်ကိန်းမှာ ခြောက်မှ ခုနစ်ဖြစ်သည်။ ကြက်သွန်နီသည် အပူ အအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ အပင်ကြီးထွားချိန်တွင် ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၁ ဒီဂရီစင်တီဂရိတ်နှင့် ကြက်သွန်ဥဖြစ်ပေါ်ချိန်တွင် ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၇ ဒီဂရီစင်တီဂရိတ် ရရှိရန်လိုအပ်ပြီး သာမန်အားဖြင့် အပူချိန်အသင့်အတင့် ဖြစ်နေပြီး နေ့တာရှည်က ဥဖြစ်ပေါ်မှုကို အားပေးသည်။ 

မြန်မာနိုင်ငံတွင်စိုက်ပျိုးသော ကြက်သွန်နီမျိုးများမှာ ရွှေဖလားမျိုး၊ ဘောင်စောက်မျိုး၊ မင်းတုန်း ဥမြွှာမျိုးဟူ၍ရှိသည့်အနက် ရွှေဖလားမျိုးကို အဓိကစိုက်ပျိုးကြသည်။  ကြက်သွန်နီစိုက်ပျိုးရာတွင် အစေ့ကို တိုက်ရိုက်စိုက်ပျိုးနိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။ 

ကြက်သွန်နီတစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်း သုည ဒသမ ဝ၅ ဧက ရှိရန် လိုအပ်သည်။ တစ်ဧကအတွက် ပျိုးထောင်ရန် မျိုးစေ့ နှစ်ပြည်မှ လေးပြည်ခန့် လိုအပ်သည်။ ကြက်သွန်နီကို မြေပြန့်ဒေသများတွင် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပျိုးထောင်၍ ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးကြသည်။ စိုက်ပျိုးစနစ်ပေါ်မူတည်၍ တစ်ဧကလျှင် ပျိုးပင်ပေါက် ငါးသိန်းမှ ခုနစ်သိန်းအထိ စိုက်ပျိုးနိုင်သည်။ မြစ်ရေကျဆင်းချိန် ကျွန်းများနှင့် သဲသောင်ပြင် များတွင်လည်း စိုက်ပျိုးနိုင်သည်။ တောင်ပေါ်ဒေသများတွင် မတ်လနှင့် ဇွန်လအထိ ပျိုးထောင်ကြသည်။ 

ကြက်သွန်နီပျိုးထောင်ရာတွင် ပျိုးမထောင်မီ မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်၍ အရိပ်အောက်တွင် ၁၀ မိနစ်ခန့် အခြောက်ခံပြီးမှ ပျိုးထောင်ရပါမည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် အပင်ပေါက်နှုန်းကောင်းမွန်ပြီး အပင်ကြီးထွား သန်မာတုတ်ခိုင်ကာ စုပ်စားပိုးများ၊ မြေအောင်းပိုးများ၊ ပင်ဖျက်ပိုးများနှင့် ခါးရိရောဂါများကို ကြိုတင်ကာကွယ်နိုင်သည်။ 

ပေါင်ဖော်စိုက်ပျိုးခြင်းနှင့် ကန်သင်းဖော်စိုက်ပျိုးခြင်း

 ကြက်သွန်နီကို ပေါင်ဖော်စိုက်ပျိုးခြင်းနှင့် ကန်သင်းဖော်စိုက်ပျိုးခြင်းဟူ၍ နည်းလမ်းနှစ်မျိုး ရှိသည်။ ပေါင်ဖော်စိုက်ပျိုးရာတွင် မြေမျက်နှာပြင် အနိမ့်၊ အမြင့်ပေါ်မူတည်၍ ညီညာသော အပိုင်းများအလိုက် ပေါင်ဖော်ပေးရပါမည်။ ပေါင်ဖော်ရာတွင်  ရေသွင်းရန်အတွက် သုံးပေ၊ လေးပေခြား မြောင်းများဖော်ပေးခြင်းဖြင့် ရေသွင်းရန်လွယ်ကူပြီး အကွက်ထဲသို့ ရေရောက်ရှိမည်ဖြစ်ပါသည်။ ပျိုးပင်များကို တစ်ပင်နှင့်တစ်ပင် တစ်တန်းနှင့်တစ်တန်း လေး၊ ငါး လက်မ ခန့်ခွာ၍ စိုက်ပျိုးရပါမည်။ ပြီးနောက် ပေါင်နှင့်ညီအောင် ရေသွင်းပေးရပါမည်။ 

ကန်သင်းဖော် စိုက်ပျိုးနည်းမှာ ဆည်ရေရရှိသော ဒေသများတွင်သာ စိုက်ပျိုးကြပြီး ပေါင်းရှင်းရာ တွင် အပင်များကို ထိခိုက်မှုမရှိစေရန် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန်အတွက် လေး၊ ငါး ပေထက် မကျယ်သော အကွက်များကို ဖော်ပေးရပါမည်။ ပျိုးပင်များ ရက်သတ္တ လေး၊ ငါး၊ ခြောက်ပတ်သား အရွယ်တွင် စိုက်ပျိုးမြေနေရာသို့ ပြောင်းရွှေ့စိုက်ပျိုး နိုင်သည်။ ပင်ကြား၊ တန်းကြား အကွာအဝေးမှာ ၃ လက်မ x ၄ လက်မ စိုက်ပျိုးပြီး တစ်ဧကအပင် ရေနှစ်သိန်းခွဲမှ သုံးသိန်းဝင်အောင် စိုက်ပျိုးရမည်။ မြေအခြေအနေပေါ်မူတည်၍ မြေဩဇာအသုံးပြုမှု ကွာခြားသည်။ သဲမြေတွင် နွားချေး ပိုသုံးရမည်။

နိုင်ငံတော်အနေဖြင့် ကြက်သွန်နီသီးနှံ၏ ပန်းတိုင်အထွက်နှုန်းကို တစ်ဧကလျှင် ပိဿာ ၅၀၀၀ ရရှိရေးသတ်မှတ်ထားပါသည်။ ပန်းတိုင်အထွက်နှုန်းရရှိရန် ထည့်သွင်းပေးရမည့် မြေဩဇာ နှုန်းထားများအနေဖြင့် တစ်ဧကလျှင် သဘာဝ မြေဩဇာ ၁၀ တန်၊ ယူရီးယား ၅၀ ကီလိုဂရမ် နှစ်အိတ်၊ တီစူပါ ၅၀ ကီလိုဂရမ် နှစ်အိတ်၊ ပိုတက်ရှ် ၅၀ ကီလိုဂရမ် တစ်အိတ် အသုံးပြုရန်လိုအပ်သည်။ ယူရီးယားမှလွဲ၍ ကျန်မြေဩဇာများကို မြေပြင် ချိန်တွင် ထည့်သွင်းရန်လိုအပ်ပြီး  ယူရီးယား ဓာတ်မြေဩဇာကို ပျိုးပင်များပြောင်းစိုက်ချိန်တွင် တစ်ဝက်နှင့် ကျန်တစ်ဝက်ကို စိုက်ပြီးတစ်လအကြာတွင် ထည့်ပေးရမည်။ 

ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသောအခြေအနေတွင် အမြဲရှိရန် လိုအပ်သည်။ ရေသွင်းချိန် ရောက်၊ မရောက်ကို ကြက်သွန်ပင်များ၏ အခြေအနေကိုကြည့်၍ အကဲခတ်ရမည်။ သာမန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ရေပေးရသည်။ ရာသီဥတုပူပြင်းပါက လေး၊ ငါး ရက်ခြား တစ်ကြိမ်ခန့် ရေပေးသွင်းရန်လိုသည်။ အရွက်များစတင် ကျလာချိန်တွင်  ရေသွင်းခြင်းကို ရပ်လိုက်ပြီး ကြက်သွန်မြိတ်များကို စုစည်းချည်နှောင်ပေးခြင်း၊ ဆံမြိတ်ထုံးပေးခြင်းတို့ ပြုလုပ်ရမည်။ ကြက်သွန် မတူးမီ ရေကို ၁၀ ရက် ကြိုဖြတ်ထားရမည်။

ကြက်သွန်နီအပင်စိုက်ပြီး ရက်ပေါင်း ၈၀ မှ ၁၇၀ အတွင်း တူးဖော်နိုင်သည်။ ကြက်သွန်အရွက် အမြိတ်၏ ၁၅-၂၅ ရာခိုင်နှုန်းခြောက်လာလျှင် လက်ဖြင့်ဆွဲနုတ်ရိတ်သိမ်းနိုင်သည်။ ကြက်သွန်ဥ နုတ်ပြီးသည်နှင့် အရွက်ကို တစ်လက်မချန်ပြီးဖြတ်ရမည်။

ကြက်သွန်ဥများကို နေရောင်ဖြင့်အခြောက် မလှန်းရပါ။ အေး၍ခြောက်သွေ့ပြီး လေဝင် လေထွက်ကောင်းသောနေရာတွင် သိုလှောင် အခြောက်ခံရမည်။ ကြက်သွန်သိုလှောင်ရုံရှိ ဝါးကြမ်းကြဲကြဲခင်းထားသည့် အဆင့်များပေါ်တွင် ကြက်သွန်ဥများကို ခြောက်လက်မခန့်ထက် မထူ အောင်ညှိခင်း သိုလှောင်ရသည်။ ကြက်သွန်နီ သိုလှောင်ရုံကို နှစ်လတစ်ခါ သန့်ရှင်းရေးလုပ်ပေးသင့်သည်။ အဆန်ချောင်ခြင်းနှင့် ဥပုပ်ခြင်းများ တွေ့ရှိပါက ကောက်ယူရှင်းလင်းပေးရမည်။

ကြက်သွန်နီသည် အခြေခံစားသောက်ကုန် သီးနှံတစ်မျိုးဖြစ်သလို အလှအပအတွက်လည်း ကောင်းကျိုးများစွာရှိသည်။ ကြက်သွန်နီတွင် ပါဝင်သော ဗီတာမင်စီက အမည်းစက်နှင့် တင်းတိပ်များ ပျောက်ကင်းပြီး အသားအရောင် ညီညာစေသည်။ ကြက်သွန်နီကိုစားသုံးပေးခြင်းကြောင့် ရေဓာတ်ပြည့်ဝစေပြီး ကြက်သွန်နီတွင်ပါရှိသော Antioxi-dants က မျက်နှာအသားအရေညစ်နွမ်းမှုကို သက်သာစေကာ ကျန်းမာဝင်းလက်သည့် အသားအရေကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ 

အသားအရေ ကြည်လင်စေခြင်း၊ နှုတ်ခမ်းသား နူးညံ့စေခြင်းနှင့် ဆံပင်များလည်း သန်စွမ်းစေသည်။ ကြက်သွန်နီကို ပုံမှန်စားသုံးပေးခြင်းဖြင့် အရိုးသိပ်သည်းစေခြင်း၊ ကိုလက်စထရောပမာဏကို လျှော့ချပြီး နှလုံးကိုကျန်းမာစေခြင်း၊ အစာခြေအားကို ကောင်းစေခြင်း၊ ဆံပင်ပျက်စီးမှုကို လျှော့ချပြီး Antioxidant ကို မြှင့်တင်ပေးခြင်း၊ အမြင် အာရုံအားကောင်းစေပြီး ခံတွင်းကျန်းမာရေးကို ကောင်းစေခြင်း၊ ယားယံမှုကို သက်သာစေခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို  ပျောက်ကင်းစေခြင်း စသည့်ကောင်းကျိုးများ ဖြစ်ပေါ်စေသည်။ 

တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်နိုင်

ကြက်သွန်နီသည် ပျက်စီးလွယ်သော ကုန်ကြမ်း ဖြစ်ပြီး သာမန်အခြေအနေများတွင် ရိတ်သိမ်း ပြီးနောက် အချိန်ကြာမြင့်စွာ သိုလှောင်၍မရခြင်းနှင့် သင့်လျော်သော သိုလှောင်ရုံအဆောက်အအုံများ မရှိပါက ဇီဝဓာတုဖြစ်စဉ်များ၊ ပိုးမွှားများအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။ ကြက်သွန်နီကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပျက်စီးဆုံးရှုံးခြင်းနှင့် ကြက်သွန်ပေါ်ချိန် ဈေးနှုန်းကျဆင်းမှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ကြက်သွန်နီမှ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ကြက်သွန်အခြောက်၊ ကြက်သွန်ကြော်၊ ကြက်သွန်အမှုန့်၊ ကြက်သွန်နီ ရှာလကာရည်၊ ကြက်သွန်ချဉ်၊ အလှကုန်ပစ္စည်းတို့ ထုတ်လုပ်ရရှိနိုင်ကြောင်း သိရသည်။ 

ကြက်သွန်နီ ပန်းတိုင်အထွက်နှုန်း တစ်ဧက ပိသာ ၅၀၀၀ အထက်ရရှိရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနက မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ရေး နည်းပညာပေးခြင်း၊ ကြက်သွန်နီတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊  ကြက်သွန်နီသီးနှံ ပြည်တွင်း၊ ပြည်ပ ဈေးကွက်အခြေအနေများကို တောင်သူများသိရှိစေရန် ဖြန့်ဝေခြင်းစသည်တို့ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကြက်သွန်နီ စိုက်တောင်သူများအနေဖြင့်  ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထွက်ရှိလာပြီး ဝင်ငွေများလည်း တိုးတက်ရရှိနိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။