သျှင်မေ
Luban ဆိုတာ ရှေးခေတ်တရုတ်နိုင်ငံက ထင်ရှားတဲ့လက်မှုပညာရှင်တစ်ဦးဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ သူ့ကိုနည်းပညာအားလုံးရဲ့ အစလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ပညာရှင်ကြီး Luban ကို ဂုဏ်ပြုတဲ့အနေနဲ့ တရုတ်နိုင်ငံက Luban Workshop ကို ၂၀၀၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။
ကျွမ်းကျင်မှုသင်တန်းတွေ ပံ့ပိုးပေး
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နည်းပညာစိတ်ဝင်စားပြီး အသက်မွေးဝမ်းကျောင်းအဖြစ် ပညာသင်ယူ လိုကြတဲ့ လူငယ်တွေကို အကူအညီပေးတဲ့အစီအစဉ်ဖြစ်တဲ့ Luban Workshop က Vocational Training တစ်ခုဖြစ်ပြီး နိုင်ငံတကာက လူငယ်တွေအားလုံး သင်ယူနိုင်ဖို့အခွင့်အလမ်းရှိပါတယ်။ အဲဒီသင်တန်းတွေကို တရုတ်နိုင်ငံက ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ ချိတ်ဆက်ထားပြီး နိုင်ငံခြားတိုင်းပြည်တွေနဲ့ Shanghai Cooperation Organisation (SCO) အဖွဲ့ဝင်နိုင်ငံတွေမှာ အများဆုံးဖွင့်လှစ်ကာ ကျွမ်းကျင်မှုသင်တန်းတွေ ပံ့ပိုးပေးနေတာပါ။
သင်ကြားပေးတဲ့နည်းပညာတွေကတော့ စက်မှုနည်းပညာ၊ စွမ်းအင်နည်းပညာ၊ အင်ဂျင်နီယာ ဘာသာရပ်အမျိုးမျိုးအပြင် အလိုလျောက်စနစ်၊ စက်ရုပ်နည်းပညာစတာတွေ ပါဝင်ပါတယ်။ သင်ကြားခြင်းအပြင် လက်တွေ့ကျွမ်းကျင်မှုအတွက် internship အခွင့်အလမ်းတွေကိုလည်း စီစဉ်ပေးပါတယ်။
Luban Workshop က တရုတ်နိုင်ငံနဲ့ ပြည်ပနိုင်ငံတွေအကြား ယဉ်ကျေးမှုဖလှယ်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုတွေအတွက် နာမည်ကျော်အမှတ် တံဆိပ်တစ်ခုလည်းဖြစ်ပါတယ်။ BRI ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နောက်ခံထားပြီး နိုင်ငံတကာကကျောင်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးတဲ့ စက်မှုနဲ့ပညာရေး ပေါင်းစပ်မှုကျောင်းလို့ ဆိုနိုင်ပါတယ်။
သမ္မတရှီကျင့်ဖျင်က ၂၀၁၈ ခုနှစ်မှာ ကျင်းပတဲ့ တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေး တစ်ခုမှာ Luban Workshop ၁၀ ခု ဖွင့်လှစ်ပေးမယ်ဆိုပြီး စတင်မိတ်ဆက်ခဲ့တာပါ။ လက်ရှိမှာတော့ အာရှ၊ ဥရောပနဲ့ အာဖရိက နိုင်ငံပေါင်း ၃၀ မှာ အခွဲပေါင်း ၃၆ ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အာရှမှာ ၁၄ ခုနဲ့ ဥရောပမှာ ငါးခု၊ အာဖရိကမှာ ၁၇ ခုရှိလာပါပြီ။
လူဘန်းကနေ ဆုလေးဆု ဆွတ်ခူး
၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုညီလာခံကို တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က လာရောက်ခဲ့ပြီး ကိုယ်စားလှယ် ၁၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ World Vocational College Skills Competition 2024 ကို နိုင်ငံပေါင်း ၇၄ နိုင်ငံက ကောလိပ်နဲ့ တက္ကသိုလ် ပေါင်း ၂၇၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီမှာ လူဘန်းကနေ ဆုလေးဆု ဆွတ်ခူးခဲ့ပါတယ်။
စက်တင်ဘာလဆန်းမှာကျင်းပတဲ့ Shanghai Cooperation Organisation (SCO) ထိပ်သီး အစည်းအဝေးကာလအတွင်း ပြည်ပနိုင်ငံတွေက တက်ရောက် သတင်းယူခဲ့ကြတဲ့ သတင်းထောက် တွေကို Luban Workshop ရဲ့ Vocational Training အကြောင်း မိတ်ဆက်ပေးခဲ့ပြီး Tianjin Light Industry Vocational Technical College ရဲ့ ပြတိုက်နဲ့ အလုပ်ရုံတွေဆီကို လိုက်လံပြသခဲ့တာပါ။ အဲဒီမှာ သရီးဒီနည်းပညာ ပေါင်းစပ်ထားတဲ့ ထုတ်လုပ်မှုစက်ကိရိယာတွေကို လေ့လာခွင့်ရခဲ့သလို လက်တွေ့ဖန်တီးမှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် စက်ရုပ်နည်းပညာနဲ့ နည်းပညာမြင့်မားတဲ့ စက်မှုထုတ်ကုန်တွေနဲ့ စက်ပစ္စည်းသစ်တွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ဘာသာရပ် ၃၈ မျိုးကို လေ့လာသင်ယူနိုင်
“ကျွန်မတို့က အခြားသော နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ လက်ရှိမှာ လည်း အရှေ့တောင်အာရှနိုင်ငံတွေအပြင် အာဖရိက နိုင်ငံတွေက သင်တန်းသားတွေနဲ့ ပြန်လည် အလုပ်ဝင်ရောက်နေတဲ့ နည်းပြနိုင်ငံခြားသား အများစုလည်းရှိပါတယ်။ Tianjin Light Industry Vocational Technical College မှာ ဘာသာရပ် ပေါင်း ၃၈ မျိုးကို လေ့လာသင်ယူနိုင်ပါတယ်။ မိုလ်ဒီဇိုင်းနည်းပညာ၊ CNC နည်းပညာ၊ အလိုလျောက် စက်ဒီဇိုင်းနည်းပညာ၊ ဉာဏ်ရည်တုစက်ရုပ် ထုတ်လုပ်မှုနည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်း အင် ထုတ်လုပ်မှုနည်းပညာ၊ စက်မှုနည်းပညာ မျိုးစုံပြင် အထည်အလိပ်စက်မျိုးစုံ ထုတ်လုပ်မှု နည်းပညာ၊ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှု နည်းပညာစတဲ့ ထုတ်လုပ်မှုအမျိုးမျိုးကို ဖွင့်လှစ်ထားပြီး Highter Vocational Education Program အနေနဲ့ ဒီပလိုမာတန်းတွေ ဖွင့်လှစ်ပေးနေပါတယ်” လို့ Tianjin Light Industry Vocational Technical College မှ တာဝန်ရှိသူက ပြောပါတယ်။
စိတ်ပါဝင်စားသူတွေအနေနဲ့ ကျောင်းရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ qggj2016@163.com ကနေ ကျောင်းနဲ့တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံကလည်း Shanghai Cooperation Organisation (SCO) ရဲ့ ဆွေးနွေးဘက် နိုင်ငံတစ်ခုဖြစ်တာကြောင့် မကြာမီ ကာလအတွင်း မိမိတို့နိုင်ငံက အသက်မွေး ဝမ်းကျောင်းကောလိပ်နဲ့ တက္ကသိုလ်တွေကိုလည်း ချိတ်ဆက်မှုတွေ ရှိလာမှာဖြစ်ပါတယ်လို့ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ ။


