ဟားခါး ၁၄ မတ်
ချင်းပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်သည် ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံအတွင်းရှိ လူနာဆောင်များနှင့် ဆေးဝါး များသိုလှောင်ထားရှိမှု၊ ကျောက်ကပ်သန့်စင်စက် တပ်ဆင်ထားရှိမှုနှင့် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးကုသခံယူနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးစဉ် ဟားခါးမြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးလွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးဝါးကုသလျက်ရှိသည့် လူနာမှတ်တမ်းများ နှင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရေး၊ လူနာများအားပြုစုစောင့်ရှောက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက်ပြည်နယ် လူမှုရေးဝန်ကြီးသည် ဆေးရုံအတွင်းတိုးချဲ့လူနာဆောင်များကို လှည့်လည်ကြည့်ရှု၍ လူနာဆောင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာများ သန့်ရှင်းရေး၊ သာယာမှုရှိစေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြင့်နိုင်စိုး(ထီးလှိုင်မြေ)


