ရေကြည် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာတင်ထွန်းအောင် ဦးဆောင်၍ အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့သည့် သားဦးမိန်းကလေး အမြွှာပူးမွေးဖွားသော ကွမ်းသီးချောင်းအုပ်စု အရှေ့ရွာသစ်ကျေးရွာနေ မခင်ပပလှိုင်အား ထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။
အဆိုပါ နှစ်မြွှာပူးမွေးဖွားသောမိခင်အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး မိသားစုက ထောက်ပံ့ငွေကျပ် တစ်သိန်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကြီးကြပ်မှုအဖွဲ့က ထောက်ပံ့ငွေကျပ် နှစ်သိန်း၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ငွေကျပ်တစ်သိန်း တန်ဖိုးရှိ ကလေးအသုံးအဆောင်ပစ္စည်းနှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အိုဗာတင်း၊ ကြက်ဥ၊ ငှက်ပျောသီး၊ ကုလားပဲခြမ်းနှင့် ထောက်ပံ့ငွေကျပ် တစ်သိန်း စုစုပေါင်း တန်ဖိုးငွေကျပ် ငါးသိန်းကို ကျုံပျော် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များက သွားရောက်ပေးအပ်၍ အားပေးစကား ပြောကြားခဲ့ကြောင်းနှင့် မိခင်ဖြစ်သူနှင့် အမြွှာကလေးငယ်နှစ်ဦးမှာ ကျန်းမာလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


