ရန်ကုန် စက်တင်ဘာ ၁၄
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာများ၊ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ ကစားသမားများ၏ အင်အားစာရင်း၊ စတင်ထွက်ခွာမည့် နေ့ရက်၊ အချိန်နှင့် တည်းခိုနေထိုင်မည့်နေရာတို့ကို သတ်မှတ်ပြီး အမြန်ဆုံးတင်ပြကြရန်နှင့် Joint Training သွားရောက်ယှဉ်ပြိုင်သည့် အားကစားအဖွဲ့များအနေဖြင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက် အတွင်းရေးမှူးများက အားကစားနည်းအလိုက် သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများ၏ အင်အားစာရင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ၊ ပြိုင်ပွဲကျင်းပမည့်နေ့ရက်၊ တည်းခိုနေထိုင်ရေးနှင့် Joint Training သွားရောက်ရန် ပြင်ဆင် ထားရှိမှု၊ နိုင်ငံခြားနည်းပြ ငှားရမ်းလေ့ကျင့်နေမှု၊ သွားရောက်မည့်ပုဂ္ဂိုလ်များအလိုက် ရရှိမည့်ကတ် အမျိုးအစားဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


