ရန်ကုန်     စက်တင်ဘာ    ၁၄

၂၀၂၅-၂၀၂၆ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၃) နောက်ဆုံးနေ့ကို စက်တင်ဘာ ၁၄ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။

တောင်ကြီးကွင်း၌ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံတကာပြိုင်ပွဲများကြောင့် ပြိုင်ဘက်များထက် တစ်ပွဲလျော့ကစားထားပြီး  နှစ်ပွဲကစားရာတွင် ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားခြင်းဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် နည်းပြသစ် ဦးမင်းထွန်းလင်းလက်ထက်တွင်လည်း ရှုံးပွဲဆက နေမှုကို ရပ်တန့်နိုင်ခြင်းမရှိသေးဘဲ ပထမဆုံးပွဲတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ထားပြီး နိုင်ငံခြားသား ကစားသမား ငါးဦးကို ရဲမင်းသူ၊ လှိုင်းဘိုဘို၊ ရဲရင့်အောင်၊ ခွန်ကျော်ဇင်ဟိန်းတို့နှင့်  တွဲဖက်အသုံးပြုခဲ့သလို  ရခိုင်ယူနိုက်တက်အသင်းကလည်း ဇော်ဇော်နိုင်၊ ဇင်မင်းထွန်း၊ အောင်နိုင်ဝင်း၊ ချမ်းငြိမ်းကျော် (ဂိုး) တို့ဖြင့် လူစုံခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသော်လည်း မိနစ် ၃၀ ကျော်မှ ဂိုးစတင်ရရှိပြီး ထောင့်ကန်ဘောမှတစ်ဆင့် မတ်ခ်ဆာကီက ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ကစားသမားများပြောင်းလဲကာ တိုက်စစ် မြှင့်ခဲ့ပြီး မိနစ် ၆၀ တွင် အသင်းခေါင်းဆောင်နန္ဒကျော်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ဒုတိယဂိုး၊ မိနစ် ၉၀ တွင် ဂျော်ဒန်ဟာမီတန်က တတိယဂိုးသွင်းယူခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက    ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် နောက်မှလိုက်ကစားကာ ချေပဂိုးနှင့် အနိုင်ဂိုးပြန်သွင်းပြီး  သုံးပွဲဆက်အနိုင်ရလဒ်နှင့်အတူ ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နေသည်။ ၂၄ မိနစ်တွင် ဝေယံထွန်းက ဧရာဝတီယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူသော်လည်း ဒဂုံစတားအသင်းအတွက် ၄၇ မိနစ်တွင် အောင်သီဟက ချေပဂိုးနှင့် ၆၅ မိနစ်တွင် ဆွမ်လမန်က အနိုင်ဂိုးသွင်းယူခဲ့သည်။

ရာသီဥတုကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်း လက်ကျန် မိနစ် ၇၀ ကို စက်တင်ဘာ ၁၆ ရက်  ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ပြန်လည်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MNL