နေထွန်းဦး(မန်းတက္ကသိုလ်)

မျက်မှောက်ခေတ်တွင် လူငယ်၊ လူလတ်အတော်များများမှာ အပျော်အပါးရလိုမှု၊ ပေါင်းသင်းဆက်ဆံရေးတွင် ထင်ပေါ်လိုမှု၊ အပေါင်းအသင်းအချင်းချင်း မြှူဆွယ်မှု၊ ဖျော်ဖြေရေးနှင့် စိတ်အပန်းဖြေခြင်းများအတွက် မူးယစ်ဆေးဝါးကိုစမ်းသပ်သုံးစွဲလာကြသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုပုံစံများမှာလည်း ပြောင်းလဲလာပြီး ယခင်ကကဲ့သို့ တစ်ဦးတစ်ယောက်ချင်း၊ တစ်စုတစ်ဖွဲ့ချင်း သိုဝှက်သုံးစွဲသည့်ပုံစံမှ ပါတီပေး၍ အုပ်စုဖွဲ့သုံးစွဲခြင်း၊ ကလပ်များ၊ ဘားများတွင် မူးယစ်ဆေးဝါးသုံးစွဲ၍ ကခုန်ခြင်းတို့အပြင် မူးယစ်ဆေးဝါးကို တစ်မျိုးတည်းသုံးစွဲသည့်ပုံစံမှ မူးယစ်ဆေးဝါးမျိုးစုံကို ရောနှော၍ (Drugs Cocktail) အနေဖြင့် သုံးစွဲလာသည်ကို နိုင်ငံအတော်များများတွင် တွေ့ရှိလာ ရပါသည်။ ထိုသို့ သုံးစွဲကြရာတွင် street name အနေဖြင့် “K” ဟုခေါ်သည့် ကက်တမင်း (Ketamine) သုံးစွဲမှုမှာ များပြားလာပြီး လူသိများလာသည်။

ကက်တမင်းအကြောင်း

ကက်တမင်း(Ketamine)ကို မူလစတင်ထုတ်လုပ်စဉ်က လူသားအကျိုးပြု ဆေးဝါးအဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆရာဝန်များနှင့် ဓာတုဗေဒပညာရှင်များသည် ခွဲစိတ်ကုသရာတွင် အသုံးပြုရန်နှင့် နာကျင်မှုများကို သက်သာစေရန်အတွက် ဆေးဝါးများ ကိုစမ်းသပ်ရှာဖွေရာမှ ၁၉၅၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ Parke-Davis ကုမ္ပဏီက ခွဲစိတ်ကုသရာတွင် နာကျင်မှုသက်သာစေသောဆေး PCP(Phencyclidine) ကို ဖော်ထုတ်တွေ့ရှိပြီး စမ်းသပ်အသုံးပြုခဲ့ပါသည်။ PCP သည် နာကျင်မှုဝေဒနာများကို သက်သာစေသော်လည်း စိတ်အာရုံပြောင်းလဲခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အကြမ်းဖက်မှုဖြစ်စေခြင်း အစရှိသည့် ဘေးထွက်ဆိုးကျိုးများကြောင့် PCP အစား အခြားဆေးဝါးများကို ဆက်လက်၍ သုတေသနပြုခဲ့ရာ ၁၉၆၂ ခုနှစ်တွင် ဆေးပညာရပ်ဆိုင်ရာအကျိုးပြုဆေးဝါး ကက်တမင်းကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် ကက်တမင်းကို ဘယ်လ်ဂျီယံနိုင်ငံတွင် မှတ်ပုံတင်၍ ၁၉၆၄ ခုနှစ်တွင် ဆေးကုသမှုဆိုင်ရာ မေ့ဆေးအဖြစ် လူသားများဖြင့် စမ်းသပ် နိုင်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဒက်ထရွိုက် အခြေစိုက် Parke-Davis ကုမ္ပဏီက လူသားနှင့် တိရစ္ဆာန်များအပေါ် ဆေးကုသမှုဆိုင်ရာဆေးအဖြစ် မူပိုင်ခွင့် မှတ်ပုံတင်ပြီး ၁၉၆၉ ခုနှစ်တွင် Ketamine hydrochloride ပုံစံဖြင့် ဆေးကိုရရှိ၍ ၁၉၇၀ ပြည့်နှစ်တွင် အမေရိကန် Food and Drug Administration က အမေရိကန်နိုင်ငံတွင် အသုံးပြုရန်ခွင့်ပြုခဲ့ပါသည်။

ကက်တမင်းကို အရေးပေါ်ကျန်းမာ ရေးပြဿနာများဖြစ်သည့် မီးလောင်ဒဏ်ရာများကို ဆေးထည့်ခြင်း၊ အရိုးကျိုးခြင်းကို ခွဲစိတ်ကုသခြင်း၊ စစ်မြေပြင် ဒဏ်ရာများကုသခြင်းနှင့် ဒဏ်ရာ ပြင်းထန်သော လူနာများအတွက် နာကျင်မှုသက်သာစေသည့်ဆေးအဖြစ် လည်းကောင်း၊ ဓာတ်မတည့်မှုကြောင့် အခြားမေ့ဆေးမသုံးနိုင်သော ခွဲစိတ်ကုသမှုများနှင့် သုံးစွဲနေကျမေ့ဆေးဖြင့် မသင့်လျော်သည့် လူနာများအတွက် အစားထိုး ထုံဆေး၊ မေ့ဆေးအဖြစ် လည်းကောင်း သုံးစွဲကြပါသည်။ 

မူးယစ်ဆေးဝါးအနေဖြင့် သုံးစွဲမှု

ကက်တမင်းကို ဆေးကုသရန် ရည်ရွယ်ချက်ဖြင့် လူသားအကျိုးပြု ဆေးဝါးအဖြစ် ထုတ်လုပ်ခဲ့သော်လည်း လူငယ်အသိုင်းအဝိုင်းအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ပါတီများတွင် စိတ်ပြောင်း ဆေးဝါးအဖြစ် အလွဲသုံးလာမှုနှင့်အတူ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများက စိတ်ပြောင်းဆေးဝါးအဖြစ် တရားမဝင် ထုတ်လုပ်လာခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်များအတွင်း Club Culture၊ Dance Culture များတွင် စိတ်ပြောင်းဆေးဝါးအနေဖြင့် လူသိများ သုံးစွဲလာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်များတွင် အာရှနိုင်ငံများ၌ စိတ်ပြောင်းဆေးဝါး အဖြစ် သုံးစွဲလာခဲ့ပါသည်။ စိတ်ပြောင်းဆေးဝါးအနေဖြင့် လမ်းပေါ်နှင့် Night Club များ၊ ပါတီများတွင် တရားမဝင် သုံးစွဲသည့် ကက်တမင်းကို အဖြူရောင် ပုံဆောင်ခဲ(Ketamine Crystal)၊ အမှုန့် ပုံစံ (Ketamine Powder) အနေဖြင့် တွေ့ရှိရပြီး တရားမဝင်ရောင်းချခြင်း (သို့မဟုတ်) လမ်းကြောင်းလွှဲခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ ခုနှစ်ခန့်မှစ၍ Club Drug အဖြစ် သုံးစွဲ မှုအချို့ရှိခဲ့ကြပြီး ယခုအခါတွင် သုံးစွဲမှု မြင့်တက်လာမှုနှင့်အတူ ဖမ်းဆီးရမိမှုမှာ လည်းများလာပြီး ကလပ်၊ ဘားနှင့် ပါတီများတွင် “ကေဆော့တယ်”ဆိုသည့် စကားလုံးမှာ လူငယ်များကြား ရေပန်းစား လာကြောင်း တွေ့ရှိရပါသည်။ ကက်တမင်းကို ငွေကြေးသုံးစွဲနိုင်သူများ အကြား Club Drug အနေဖြင့် လည်း ကောင်း၊ အုပ်စုဖွဲ့၍ စိတ်အပန်းပြေဆေး အနေဖြင့်လည်းကောင်း လူငယ်/ လူလတ်/ လူကြီးမရွေး အပျော်သဘော သုံးစွဲကြပြီး ဒေသတွင်းနိုင်ငံများတွင်လည်း သုံးစွဲမှုမြင့်တက်လာခဲ့ပါသည်။
 
ကက်တမင်း၏အခြားအမည်များ

ကက်တမင်းကို အဖြူ (သို့မဟုတ်) အညိုဖျော့အဖြစ်တွေ့ရပြီး ကိုကင်းနှင့် ဆင်တူသော်လည်း အသေးစိတ် အာနိသင်မှာ ကိုကင်းနှင့် ကွဲပြားခြားနားပါသည်၊ မူးယစ်ဆေးဝါးမှောင်ခိုဈေးကွက် တွင် Common Street name အနေဖြင့် K ၊ K2 ၊ Vitamin K ၊ Lady K ၊ Ket ၊ Kit Kat ၊ Super C ၊ Super Acid၊ Super K ၊ Special K ၊ Special LA Coke ၊ Cat Tranquilizers ၊ Cat Valium၊ Jet၊ Ketaset ၊ Ketaject စသည်ဖြင့် ခေါ်ဆိုကြပြီး စိတ်ပြောင်းဆေးဝါးအဖြစ် လည်းကောင်း၊ ယာယီမှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်စေနိုင်သည့် အာနိသင်ရှိသည့်အတွက် လိင်အဓမ္မပြုဆေး (Date Rape Drug) အဖြစ်လည်းကောင်း သုံးစွဲကြပါသည်။

ထိန်းချုပ်ဆေးဝါးစာရင်းတွင်ပါဝင်မှု

နိုင်ငံအချို့တွင် တရားဝင်ဆေးအဖြစ် ဈေးကွက်တွင် ဝယ်ယူရရှိနိုင်သော်လည်း နိုင်ငံအတော်များများတွင် ထိန်းချုပ်ဆေးဝါးအဖြစ် သတ်မှတ်ထားပါသည်။ နိုင်ငံအလိုက် ထိန်းချုပ်မှုများကို ထုတ်နုတ်တင်ပြရလျှင် ၁၉၉၉ ခုနှစ် တွင် အမေရိကန်ပြည်ထောင်စု၊ ၂၀၀၅ ခုနှစ်တွင် ကနေဒါနိုင်ငံ၊ ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ၂၀၁၅ ခုနှစ်တွင် ဩစတြေးလျ နိုင်ငံတို့၌ ထိန်းချုပ်ဆေးဝါးစာရင်းတွင် ထည့်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လတွင် အင်္ဂလန်နိုင်ငံမှ Class B Drug သတ်မှတ်၍ ယင်း၏အန္တရာယ်ရှိမှုကြောင့် ၂၀၂၅ ခုနှစ်တွင် Class A Drug သို့ပြောင်း ရန် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ နိုင်ငံအနေဖြင့်လည်း စိတ်ကိုပြောင်းလဲ စေသောဆေးဝါး (Psychotropic Substances) ၁၇၁ မျိုးတွင် ထည့်သွင်း၍ ထိန်းချုပ်ထားရှိပါသည်။ 

ကက်တမင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

စိတ်ပြောင်းဆေးဝါးအဖြစ် သုံးစွဲသူများသည် ကက်တမင်းအမှုန့် (Ketamine Powder)ကို နှာခေါင်းဖြင့် ရှူရှိုက်၍ သုံးစွဲကြပါသည်။ ကက်တမင်းကို နှာခေါင်း ဖြင့်ရှူရှိုက်၍သုံးစွဲပါက ငါးမိနစ်မှ ၁၅ မိနစ်အတွင်း၊ အကြောတွင်းထိုးသွင်း၍ သုံးစွဲပါက တစ်မိနစ်အတွင်း၊ မျိုချသုံးစွဲပါက မိနစ် ၃၀ အတွင်း ဆေး၏အာနိသင်ကို ခံစားရပါသည်။ သာမန်အားဖြင့် ကက်တမင်းသုံးစွဲပြီးပါက ၁၀ မိနစ်အတွင်း ဆေးအာနိသင်ရရှိ၍ စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ပြောင်းလဲလာသည်ကို တွေ့ရှိရပါသည်။ ဆေးသုံးစွဲနေစဉ် စိတ်အာရုံ ကမောက်ကမဖြစ်စေခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ လိင်စိတ်နိုးကြွစေခြင်း၊ နှလုံးခုန်နှုန်းနှင့် သွေးဖိအားတိုးစေခြင်းတို့ကို တွေ့ရှိရသည်။ ဆေးသုံးစွဲပြီးပါက ပျော်ရွှင်လာပြီး အသိစိတ်မှာ ခန္ဓာကိုယ်နှင့်ကင်းကွာ၍ လေထဲမှာပျံဝဲနေသလို ခံစားရတတ်ပါသည်။ ကက်တမင်းကို ပမာဏများများ သုံးစွဲပြီးပါက ဆေးသုံးစွဲသူ၏စိတ်တွင် ထွက်ပေါက်မရှိ ချောင်ပိတ်မိသလိုခံစားရပြီး အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် မသိနိုင်တော့ခြင်း၊ တကယ်လားအိပ်မက်လား ခွဲခြားမသိ နိုင်ခြင်း၊ အသံ/ အမြင်အာရုံ ပုံမှန်မဟုတ်ခြင်း၊ ထိန်းချုပ်မှုမရှိတော့ခြင်း၊ မေ့လျော့ခြင်း/ သတိလစ်ခြင်း၊ ကိုယ်လက်မလှုပ် ရှားနိုင်ခြင်းကဲ့သို့ခံစားရပြီး ယင်းသို့ခံစား ရသည့်အတွေ့အကြုံကို ကက်တမင်းသုံးစွဲ သူများက K-Hole (ကေ-အမှောင် ကျင်း) ဖြစ်သည်ဟုခေါ်ဆိုပြီး K-Hole ဖြစ်ခြင်း သည် သုံးစွဲသူ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည့်အတွက် အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ 

ကက်တမင်းမှာ Hallucinations စိတ်အာရုံချောက်ချားစေသည့် အာနိသင် ရှိသည့်အတွက် သုံးစွဲပြီးပါက အကြားအမြင်ဝေဝါးခြင်း၊ ဆေးသုံးစွဲမှုများပါက ရုပ်ပိုင်းဆိုင်ရာလက္ခဏာများအနေဖြင့် ထုံဆေးထိုးထားသကဲ့သို့ နာကျင်မှု မခံစားရခြင်း၊ ကြွက်သားများတင်းမာခြင်း၊ ကြွက်သားထိန်းချုပ်မှု (Muscle control) ပျက်သွားသည့်အတွက် ခြေလက် လှုပ်ရှားမှု ဟန်ချက်မညီခြင်း၊ ဒယီးဒယိုင် လှုပ်ရှားသွားလာခြင်း၊ ချွေးထွက်များခြင်း၊ တံတွေးထွက်များခြင်း၊ စကားပြော အာလေးလျှာလေးပြောခြင်း၊ ဗလုံးဗထွေး ပြောဆိုခြင်း၊ မျက်လုံးများမူမမှန်ခြင်း၊ သူငယ်အိမ်ကျဉ်းခြင်းများ ဖြစ်ပေါ်တတ်ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် သွေးဖိအားမြင့်ခြင်း၊ သွေးတိုးခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း စသည့် လက္ခဏာများ ခံစားရပြီး ဆေးအလွန် အကျွံသုံးစွဲမိပါက နှလုံးခုန်မမှန်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ မေ့မြောခြင်း၊ နှလုံးခုန်ရပ်ခြင်းတို့လည်း ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။

ကက်တမင်းကို ရေရှည်သုံးစွဲပါက မှတ်ဉာဏ်ဆုံးရှုံးမှုနှင့် အာရုံစူးစိုက်မှု ပြဿနာများဖြစ်ပွားခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် တစ်ခါတစ်ရံတွင် အမြင်မှားခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာလက္ခဏာ များဖြစ်ပွား၍ ရှိရင်းစွဲစိတ်ကျန်းမာရေး ပြဿနာကို ပိုမိုဆိုးရွားစေကြောင်း တွေ့ရှိရပါသည်။  ကက်တမင်း (Ketamine)ကို High Dose သုံးစွဲပါက ကိုမာ(Coma) ဖြစ်နိုင်ခြေရှိခြင်း၊ Out of body experience ဟုခေါ်သည့် ကိုယ့်ခန္ဓာကိုယ်နှင့် ချိတ်ဆက်မှု မရှိ သလိုခံစားရခြင်း၊ မိမိအနားမှအရာများ ကို အခြားသူတစ်ဦးမှ ကြည့်နေသကဲ့သို့ ခံစားရခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တုန်လှုပ်ချောက်ချားခြင်း၊ လက်တွေ့ဘဝမှ လွတ်ထွက်သွားခြင်းတို့ ဖြစ်စေပါသည်။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်မှုအနေဖြင့် အသည်းတွင် သွေးသန့်စင်ခြင်းနှင့် အဆိပ်အတောက်ဖယ်ရှားခြင်းကဲ့သို့ အရေးကြီးသည့် လုပ်ဆောင်မှုများကို ထိခိုက်၍ အသည်းပျက်စီးစေခြင်း၊ ဆီးလမ်းကြောင်း ကျောက်ကပ်မှဆီးအိမ်အထိ ထိခိုက်နိုင်ပြီး ဆီးမထိန်းနိုင်ခြင်း၊ ဆီးမကြာခဏသွား၍ ပြင်းထန်သော ဆီးအိမ်ပြဿနာများကို ဖြစ်စေခြင်း၊ ဆီးအတွင်းသွေးပါ၍ ဆီးအိမ်ပျက်စီးခြင်း၊ ‘‘ကေ’’ ကြွက်တက်ခြင်းဟု ခေါ်ဆိုသည့် ဝမ်းဗိုက်နာကျင်ခြင်းတို့ ဖြစ်ပေါ်စေကြောင်း တွေ့ရှိရပါသည်။ ကက်တမင်းကို အက်တက်စီ(Ecstasy) သို့မဟုတ် အက်ဖက်တမင်း(Amphetamine)နှင့် ရောစပ်သုံးစွဲပါက သွေးတိုးခြင်း၊ ကက်တမင်းကို အများအပြားသုံးစွဲပြီး အခြားဆေးများနှင့် တွဲဖက်သုံးစွဲပါက အသက်သေဆုံးနိုင်ခြင်း၊ အရက် အထူးသဖြင့် Benzodiazepines သို့ Opiate ကဲ့သို့ဆေးများနှင့် ရောနှောသုံးစွဲပါက အော့အန်ခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်နိုင်ပြီး ကက်တမင်းသုံးစွဲပြီးပါက ခန္ဓာကိုယ် ထိန်းချုပ်နိုင်မှုကို ဆုံးရှုံးသည့်အတွက် အန္တရာယ်များသည့် မတော်တဆဖြစ်ပွားမှု အမျိုးမျိုးနှင့်လည်း ကြုံတွေ့နိုင်ပါသည်။

အချုပ်အားဖြင့် ကက်တမင်းကို နိုင်ငံတကာတွင် ထိန်းချုပ်ဆေးဝါး အဖြစ်ထိန်းချုပ်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စိတ်ပြောင်းဆေးဝါးစာရင်းတွင် ထည့်သွင်း၍ ကက်တမင်းထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ခြင်း၊ လက်ဝယ် ထားရှိခြင်းများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိပါသည်။ ကက်တမင်းကို စိတ်ပြောင်းဆေးဝါးအဖြစ် လက်ဝယ် ထားသုံးစွဲမှုများနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားတစ်ဖက်မှလည်း ကက်တမင်း သုံးစွဲခြင်း၏ ဆိုးကျိုးများကို ဦးတည် အုပ်စုများဖြစ်သည့် မူးယစ်ဆေးဝါး သုံးစွဲသူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကက်တမင်း သုံးစွဲခြင်း၏ ဆိုးကျိုးများကို သိရှိ ရှောင်ရှားနိုင်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကို လျှော့ချနိုင်မှုနှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးနှင့် လူမှုစီးပွားပြဿနာများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကို  လျှော့ချနိုင်ခြင်းကြောင့်  မူးယစ်ဆေးဝါးဝယ်လိုအား ကိုလျှော့ချနိုင်ပြီး ထုတ်လုပ်မှုအားနှင့် ရောင်းလိုအားလည်း လျော့ကျသွား နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်ထုအနေဖြင့် စိတ်ပြောင်းဆေးဝါး ကက်တမင်းသုံးစွဲခြင်း၏ နောက်ဆက် တွဲဆိုးကျိုးများ၊ အန္တရာယ်များ အကြောင်းကိုသိရှိပြီး ရှောင်ရှားနိုင်စေရန်နှင့် ကျန်းမာကြံ့ခိုင်သည့် အနာဂတ် မျိုးဆက်များဖြစ်စေရန် ရေးသားတင်ပြအပ်ပါသည်။ ။

ကိုးကား    -    Wikipedia
            Thewaveclinic.com
            Drugs.com