နေပြည်တော် ၁၄  မတ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသော အမျိုးသား မူးယစ်ဆေးဝါးမူဝါဒနှင့် ၂၀၁၈ခုနှစ်တွင်ပြင်ဆင်လိုက်သော မူးယစ်ဆေးဝါးဥပဒေကို ယှဉ်တွဲ သုံးသပ်ထားသည့် အစီရင်ခံစာမိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရကြောင်း၊ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်လျှင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့် ဥပဒေရှိပါကြောင်း၊ ၎င်းဥပဒေနှင့် မူဝါဒများသည် ပြည်သူများအတွက် ဘယ်လောက်အကျိုးရှိမည်ကို  ပြည်သူများသိရှိရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များရှိပါက အသေးစိတ်လေ့လာရန် လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်းများသို့ ရောက်ရှိသူနည်းပါးကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အကျဉ်းထောင်များတွင် နှစ်ရှည်နေထိုင်ရ၍ ဘဝ၏ အကောင်းဆုံးအချိန်များ ဆုံးရှုံးနေရကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရေးယူမှုသည် ပိုမိုရှင်းလင်းပြတ်သားသော ဥပဒေ လိုအပ်ကြောင်း၊ လူသားအရင်းအမြစ်မှာ ရှားပါးကြောင်း၊ မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ လိုအပ်ကြောင်း၊ ဒီနေ့ မိတ်ဆက်ခြင်း အခမ်းအနားမှရရှိချက်များသည် အထောက်အကူရရှိမည်ဖြစ်ကြောင်း၊ ရေးဆွဲပြီး မူဝါဒတွင် နိုင်ငံတကာ၏ ကောင်းသော အလေ့အကျင့်များ၊ မူဘောင်များနှင့် ကိုက်ညီမှုရှိကြောင်းကို သိရှိရပါကြောင်း၊ မူးယစ်ဆေးဝါးသည် လူငယ်များနှင့် လူထုအကြားတွင် ကြီးထွားလာသော ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ဖို့လိုသလို မူးယစ်ဆေးဝါးစွဲလန်းသူများကို ဆေးဖြတ်ကုသပေးရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းတို့မှာလည်း အရေးကြီးကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းကြရာတွင် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အားလုံးပါဝင်ပေါင်းစပ်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ ထိုသို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရာတွင် ဟန်ချက်ညီစေရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြောကြားရာတွင် မြန်မာနိုင်ငံတွင် အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ထုတ်ပြန်ကြေညာထားပြီး ဖြစ်သလို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေနှင့်နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ကြောင်း၊ အဆိုပါမူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများသည် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်သည့် အနေအထားမျိုး ဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ယနေ့ တင်ပြသည့် အစီရင်ခံစာသည်လည်း မူဝါဒနှင့် ဥပဒေများကို ယှဉ်တွဲလေ့လာ သုံးသပ်ထားသည့် အစီရင်ခံစာဖြစ်၍ သုတေသနတစ်ရပ်အဖြစ် မှတ်ယူနိုင်ကြောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သင့်သည့်အချက်များကို မြင်တွေ့ရမှာဖြစ်ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ပြောကြားခဲ့သည်။

ယနေ့မိတ်ဆက်သည့် သုံးသပ်ချက်အစီရင်ခံစာသည် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် စောမွန်လူမှုဖွံ့ဖြိုးရေးအသင်းက ပြုစုတင်ပြသည့် အစီရင်ခံစာဖြစ်ကြောင်း သိရှိရသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်