ဆာနား စက်တင်ဘာ ၁၅
ပြီးခဲ့သည့်တစ်ရက်အတွင်း အစ္စရေးအား ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။
ယခုတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံရှိ ရာမုန်လေဆိပ်နှင့် နာဂက်စ်ဒေသရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်သည်။
ဒုံးကျည်သုံးစင်းဖြင့် ရာမုန်လေဆိပ်အား ပစ်ခတ်ခဲ့ကာ ကျန်ဒုံးကျည်တစ်စင်းဖြင့် နာဂက်စ်ဒေသရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်ကို ပစ်ခဲ့ကြောင်း သိရသည်။ ပစ်မှတ်များအားလုံးသည် အစ္စရေးနိုင်ငံ တောင်ပိုင်းတွင် တည်ရှိသည်။ အစ္စရေးလေယာဉ်များက ဒုံးကျည်များအား အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က လူမှုမီဒီယာ အိက်စ်တွင် ပြောကြားသည်။ ယီမင်နိုင်ငံရှိ ဒေသအများအပြားကို ထိန်းချုပ်ထားသည့် ဟူသီအဖွဲ့သည် ဂါဇာဒေသတွင် လက်နက်ကိုင် ပဋိပက္ခ စတင်ချိန် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ အစ္စရေးအားတိုက်ခိုက်ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


