နေပြည်တော်  ၁၄  မတ် 
    

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ ပြီး လုပ်ငန်းအချိန်မီပြီးစီးရေးအတွက် ညှိနှိုင်းဆွေးနွေးသည်။
    

အခမ်းအနားတွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက  ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ အချိန်မီပြီးစီးရန်နှင့် အရည်အသွေးပြည့်မီရန် လိုအပ်ပါကြောင်း၊ အခက်အခဲရှိပါက အတတ်နိုင်ဆုံး ပြေလည်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆင့်ကဲဆင့်ကဲ တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ပြောကြားသည်။
    
    
ထို့နောက် မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသူရိန်ထွန်း၊ မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းစိုးတို့က လုပ်ငန်းပြီးစီးတိုးတက်မှု အခြေအနေနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှုး(၁) ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။ 
    

ယင်းနောက် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ နိဂုံးချုပ် အမှာစကား ပြောကြားသည်။


(သတင်းစဉ်)

 

1