တောင်ကြီး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
အစည်းအဝေးတွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်နယ်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာစေရန် ကော်မတီအနေဖြင့် လုပ်ငန်းများ ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလေးနိုင်က MAHARSAN 333 CO.,LTD. ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ Myanmar Pureplant Extracts Company Limited ၏ တိရစ္ဆာန်အစာအတွက် အသုံးပြုသည့် ဂန္ဓမာပန်းမျိုးစိတ်များ (Marigold) ၏ အမှုန့်များကို ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်း ကြိုတင်ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များက အကြံပြုဆွေးနွေး၍ အထွေထွေဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားသည်။
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခု၊ ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၁၉၀ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၈ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၉၂ သန်း အပါအဝင် ငွေကျပ်သန်း ၄၆၂၁၆ ဒသမ ၃၀၁ ကို ခွင့်ပြုပေးထားခဲ့ပြီး ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအနေဖြင့် ပြည်တွင်းတွင် ၁၆၉၈ ဦးနှင့် ပြည်ပတွင် ၇၈ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း


