နေပြည်တော် စက်တင်ဘာ ၁၅
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
အရေးယူဆောင်ရွက်
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “pyaephyopaing62” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကျောက်ကြီးစုရပ်ကွက်နေ ပြည့်ဖြိုးပိုင်အား ည ၈ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ “Chit Chit Chaw” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဒိုက်ဦးမြို့နယ် ဖအောင်ဝဲရပ်ကွက်နေ ချစ်ချစ်ချောအား ည ၉ နာရီ ၁၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


