မောင်သောင်းဝင်း (တမန်ဟောင်း)
“အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသည့် အတိုင်း ကျန်းမာရေးသည် လူသားတိုင်းအတွက် များစွာအရေးပါလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကျန်းမာခြင်း (Health) ဆိုသည်မှာ ရောဂါဝေဒနာကင်းရှင်း၍ ကိုယ်အင်္ဂါ ချို့ယွင်းမှုမရှိရုံမျှမက ကိုယ်ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊ စိတ်ချမ်းသာမှုရှိခြင်း၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု၊ အဆင်ပြေကောင်းမွန်ခြင်းတို့ ဖြစ်သည်ဟု သတ်မှတ်ထားသည်။
ကျွန်တော်တို့အားလုံးသည် ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့ဖြင့် ပြည့်စုံနေမှသာလျှင် ကျန်းမာခြင်းအဓိပ္ပာယ်ပြည့်စုံနိုင်မည်ဖြစ်သည်။ အထူးသဖြင့် လူတစ်ဦးသည် စိတ်နှင့် ကိုယ် ကျန်းမာနေမှသာလျှင် စိတ်ချမ်းမြေ့မှုကိုရရှိမည် ဖြစ်သည်။ စိတ်ကျန်းမာရေးသည် လူတစ်ဦးချင်းစီ၏ တွေးခေါ်ပုံ၊ ပြုမူပုံနှင့် မတူညီသော ဘဝလိုအပ်ချက်များနှင့် အပြောင်းအလဲများကို ထိန်းညှိပေးသည့် အလုံးစုံသော ကျန်းမာရေးပင်ဖြစ်သည်။
စိတ်ကျန်းမာရေးနှင့်ဆက်စပ်နေ
ကျွန်ုပ်တို့စိတ်၏လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုတို့သည် ဆက်စပ်လျက်ရှိသည်။ စိတ်ပျိုကိုယ်နုဆိုသော စကားနှင့်အညီ ကျန်းမာခြင်း၊ ခွန်အားသန်စွမ်းခြင်း၊ နုပျိုလန်းဆန်းခြင်းတို့သည် စိတ်၏လန်းဆန်းပျော်ရွှင်မှု၊ အပူအပင်သောကကင်းမှု၊ စိတ်တည်ငြိမ်မှုတို့အပေါ်တွင် မူတည်နေသည်။ စိတ်လှုပ်ရှားမှုဖြစ်စဉ်များကြောင့် ကိုယ်ခန္ဓာ၏လုပ်ငန်း ဆောင်တာအဝဝတွင် ချို့ယွင်းလာမှုများ ရှိလာကြောင်းကို ဆေးပညာရှင်များ သိရှိလက်ခံထားကြသည်။ စိတ်ညစ်ညူးခြင်း၊ စိုးရိမ်ပူပင်သောက လွန်ကဲခြင်း၊ စိတ်လှုပ်ရှားမှုပြင်းထန်ခြင်း၊ ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကြောင့် ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများချို့ယွင်းပြီး ဝေဒနာအစုံစုံ၊ ရောဂါအဖုံဖုံတို့ ဖြစ်လာစေနိုင်သည်။
ထို့ပြင် ဇက်ကြောထိုး၊ နောက်ကြောတက်၊ ခေါင်းအုံခေါင်းကိုက်ခြင်းတို့၏ ၈၅ ရာခိုင်နှုန်းသည် ခန္ဓာကိုယ်ရောဂါကြောင့်မဟုတ်ဘဲ စိတ်ကြောင့်ဖြစ်ရခြင်း ဖြစ်သည်။ စိတ်လှုပ်ရှားမှုပူပင်သောက ရောက်မှုလွန်ကဲလျှင် စိတ်ကြောင့် ဦးနှောက်အတွင်း၊ အပြင် သွေးကြောများ ဖောင်းပွလာပြီး ခေါင်းကိုက်ခြင်း ခံစားရလေ့ရှိသည်။ စိတ်ကြောင့် အစာအိမ် ဖောင်းပွကာ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး လေပွမအီမသာဖြစ်ခြင်း၊ လေထိုးလေအောင့်၊ အစာအိမ်ရောဂါတို့ ဖြစ်စေနိုင်သည်။ စိတ်ပူပင်သောက ထိတ်လန့်စိုးရွံ့မှုများလွန်းလျှင် စိတ်ပူပင် လွန်ဥပါဒါန်ရောဂါဟုခေါ်သည့် စိတ်ရောဂါတစ်မျိုးကို ရစေနိုင်ပါသည်။ ထို့ပြင် အရေပြားရောဂါ၏ ၃၀ ရာခိုင်နှုန်းခန့်သည် စိတ်ကြောင့်ဖြစ်ကြောင်း သုတေသနပြုချက်များအရ သိရသည်။
စိတ်ရောဂါဆိုသည်မှာ
ကျွန်တော်တို့ လူသားများ၏ စိတ်ကျန်းမာရေးတွင် ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံမှုပိုင်းဆိုင်ရာစသည့်အချက်များ ပါဝင်သည်။ ကိုယ်ကျန်းမာနေရန် လိုအပ်သလို စိတ်ကျန်းမာနေရန်လည်း များစွာ အရေးကြီးလှပေသည်။ စိတ်ရောဂါဟူသည် ဦးနှောက်တွင် ဓာတုသက်ရောက်မှု မမှန်ကန်ခြင်းကြောင့် စိတ်မူမမှန် ဖြစ်ရခြင်းဖြစ်ပါသည်။ အဖြစ်များသော စိတ်ရောဂါများမှာ စိတ်ဓာတ်ကျခြင်း၊ စိတ်ကျစိတ်ကြွဖြစ်ခြင်း၊ စိတ်ဒဏ်ရာရခြင်း၊ စိတ်စွဲကြီးခြင်းတို့ဖြစ်သည်။ စိတ်ရောဂါသည် စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းပုံနှင့် ရွေးချယ်မှုများ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်သည်။ အဆိုးဆုံးမှာ မိမိကိုယ်ကို အန္တရာယ်ပြုခြင်းနှင့် ရုန့်ရင်းကြမ်းတမ်းသောအတွေးများ ဝင်လာနိုင်ခြင်းတို့ ဖြစ်ပါသည်။
စိတ်ရောဂါဖြစ်စေသော အကြောင်းတရားများ
စိတ်ရောဂါဖြစ်စေသော အကြောင်းများစွာအနက် အဖြစ်များသောအကြောင်းများမှာ ကာလကြာရှည်စွာ စိတ်ဖိစီးစရာများရှိခြင်း၊ တိုက်ပွဲများ၊ ပြင်းထန်သော မတော်တဆမှုများ၊ အကြမ်းဖက်မှုများကြောင့် ဒဏ်ရာများရခြင်း၊ အိမ်တွင်း အကြမ်းဖက်မှုများနှင့် အရွယ်ရောက်ပြီး သူများ အကြမ်းဖက်ခံရခြင်း၊ ကလေးသူငယ်အကြမ်းဖက်မှု၊ ထိခိုက်စေမှုများနှင့် လျစ်လျူရှုမှုများ၊ မျိုးရိုးလိုက်ခြင်း၊ ဦးနှောက်ထဲတွင် မူမမှန်ဖြစ်ခြင်း၊ ခေါင်းထိခိုက်မိခြင်း၊ သီးခြားနေခြင်း၊ အထီးကျန်ခြင်း၊ အလုပ်အကိုင်မရှိခြင်း၊ အလုပ်ပြုတ်သွားခြင်း၊ ခွဲခြားဆက်ဆံမှုများခံရခြင်း၊ အိမ်ခြေရာခြေမရှိခြင်း၊ အနေဆင်းရဲခြင်း၊ မိသားစုဝင်များ၊ မိတ်ဆွေများကို ထောက်ပံ့နေရခြင်း၊ ဦးနှောက်တွင် မွေးရာပါချို့ယွင်းချက်များ ရှိနေခြင်း၊ မိသားစုဝင်များထဲတွင် စိတ်ရောဂါရှိခြင်း၊ နာတာရှည်ရောဂါများ ခံစားနေရခြင်း၊ ကလေးဘဝနှင့် လူနေမှုပုံစံများ မူမမှန်ခြင်း၊ ကျောင်းနှင့် အလုပ်ခွင်တို့တွင် အဆင်မပြေသူများ၊ အရက်သေစာ အလွန် အကျွံသောက်စားသူများ၊ ယခင်က စိတ်ရောဂါခံစားနေရသူများ ဖြစ်ပါသည်။
စိတ်ရောဂါလက္ခဏာများ
စိတ်ကျန်းမာရေးအဖြစ်များသော ရောဂါလက္ခဏာများမှာ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ထုံပေခြင်း၊ မည်သည့်အရာကိုမျှ အလေးမထားတော့ခြင်း၊ မောပန်းနေခြင်း၊ အားအင်မရှိခြင်း၊ အိပ်လွန်းခြင်း၊ အိပ်စက်ရန်ခဲယဉ်းခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ စိတ်ဓာတ် ကြမ်းတမ်းလာခြင်း၊ ခိုကိုးရာမဲ့ဖြစ်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မေ့လွယ်ခြင်း၊ အစွန်းရောက်ခြင်း၊ စိုးရိမ် စိတ်များခြင်း၊ ကြောက်ရွံ့ခြင်း၊ အချို့ သောအကြောင်းရာများကို ခေါင်းထဲမှ ထုတ်မရခြင်း၊ ထင်ယောင်ထင်မှား ဖြစ်ကာအသံများကြားခြင်း၊ ရုပ်များ မြင်နေခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အာရုံများရှုပ်ထွေးခြင်း၊ မိမိကိုယ်ကိုအပြစ်တင်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အပေါင်းအသင်းများ၊ အဖွဲ့အစည်းများမှ သွေဖည်လာခြင်း၊ နေ့စဉ်ကြုံတွေ့နေရ သည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းမရှိခြင်း၊ မိမိကြုံတွေ့နေရသော အခြေအနေများနှင့် လူများကို နားလည်မှုမရှိခြင်းတို့ပင် ဖြစ်ပါသည်။
နောက်ဆက်တွဲဆိုးကျိုးများ
စိတ်ရောဂါ ခံစားနေရသူတစ်ဦးသည် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရလေ့ရှိသည်။ စိတ်ရောဂါရှိသူသည် မိမိကိုယ်ကို ထိခိုက်အောင်လုပ်ခြင်း၊ သေကြောင်းကြံစည်ခြင်းတို့ ဖြစ်လာ ခြင်း၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးများသုံးစွဲခြင်းတို့ ဖြစ်လာနိုင်ပြီး မပျော်ရွှင်တော့ခြင်း၊ မိမိဘဝကို မနှစ်မြို့ခြင်း၊ မိသားစုပြဿနာများဖြစ်ခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ လူမှု ပတ်ဝန်းကျင်မှ သီးခြားနေခြင်း၊ အလုပ်ပျက်ခြင်း၊ ကျောင်းပျက်ခြင်း၊ အလုပ်ခွင်၊ ကျောင်းတို့တွင် အဆင်မပြေဖြစ်ခြင်း၊ ငွေရေးကြေးရေးပြဿနာများ၊ တရားရေးရာပြဿနာများဖြစ်ခြင်း၊ မိမိ ကိုယ်ကိုနှင့် သူများကို သေကြောင်းကြံစည်ခြင်း၊ ကိုယ်ခံအားနည်းပြီး ရောဂါ များကူးစက်ခံရခြင်း၊ နှလုံးရောဂါနှင့် အခြားသော ကျန်းမာရေးပြဿနာများဖြစ်ခြင်းတို့ ဖြစ်သည်။
စိတ်ရောဂါဝေဒနာရှင်တစ်ဦးသည် မိမိတွင်စိတ်ရောဂါစွဲကပ်နေသည်ဟု များသောအားဖြင့် မသိချေ။ စိတ်ဝေဒနာ ခံစားရသူများသည် သတိ၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ စဉ်းစားဉာဏ်၊ ကိုယ်ရည် ကိုယ်သွေးတို့ လျော့နည်းလာလေ့ရှိသည်။ ကိုယ်နှုတ်အမူအရာအနေအထိုင် အမျိုးမျိုး ပြောင်းလဲနေတတ်သည်။ အချို့သည် ဂနာမငြိမ် အမြဲလှုပ်ရှားနေတတ်၍ အချို့မှာစကားလုံးဝမပြောဘဲ မလှုပ်မရှားနေတတ်သည်။ အချို့သည် အမှန်တကယ်မဟုတ်ဘဲ တစ်စုံတစ်ခုက မိမိကို အမြဲတမ်းလွှမ်းမိုးချုပ်ကိုင်နေသည်ဟုထင်မြင်နေကြသည်။ အယူအဆ အတွေးအခေါ်များလည်း မှားယွင်းနှေးကွေးလာပြီး စကားပြောဆိုရာတွင် မူမမှန်ခြင်း၊ အလုပ်တစ်ခုခုကို ထပ်ကာတလဲလဲ ပြုလုပ်တတ်ခြင်းတို့ဖြစ်ပါသည်။ မရှိသည့်အရာကို အရှိထင်၊ မဟုတ်သည် ကို အဟုတ်ထင်၍ သူတစ်ပါးက ရှင်းလင်းပြသ၍လည်း နားမဝင်တတ်တော့ပါ။
ကုသမှုခံယူသင့်
စိတ်ရောဂါများဖြစ်သည်ဟု သံသယရှိပါက ဆောလျင်စွာ မှန်ကန်ထိရောက်သော ဆေးကုသမှု ခံယူထား ရန်လိုအပ်ပါသည်။ အိပ်ဆေးမသုံးသင့်ပါ။ စိတ်နှလုံးအေးချမ်းပြီး ပူပင်သောက ကင်းသောသူများ၊ စိတ်ဓာတ်ရင့်ကျက် ခိုင်မာသူများတွင် စိတ်ရောဂါဖြစ်လေ့မရှိပါ။ အရာရာတွင် စိုးရိမ်စိတ်လွန်ကဲသူ၊ အစွဲအလမ်းကြီးသူ၊ ဒေါသထွက်လွန်းသူ၊ စိတ်အပြောင်းအလဲကြီးသူ၊ စိတ်ဓာတ်မရင့်ကျက်သူများ စိတ်ရောဂါဝေဒနာများ ဖြစ်လေ့ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ကမ္ဘာပေါ်၌လူဦးရေသန်းပေါင်း ၄၅၀ ခန့်သည် စိတ်မူမမှန်မှုများကို ခံစားနေကြရပြီး စိတ်မူမမှန်မှုဖြစ်စဉ်များ ခံစားနေရသူများ၏ သုံးပုံနှစ်ပုံသည် ဆေးကုသမှုမခံယူဘဲနေကြပါသည်။ ထို့ကြောင့် စိတ်ဝေဒနာတစ်ခုခု ဖြစ်ပေါ်ခံစားနေရသည်ဟု သံသယဖြစ်လျှင် မိသားစုဆရာဝန်နှင့် ပြသသင့်ပါသည်။ လိုအပ်ပါက စိတ်ရောဂါကုဆရာဝန်များနှင့် ကုသပေးသင့်ပါသည်။
စိတ်ပိုင်းဆိုင်ရာ ရောဂါများကို ထိရောက်စွာကုသမှုခံယူရန် လိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ရောဂါများအတွက် ထိရောက်သောကုသမှုများရှိပါသည်။ ရောဂါအမျိုးအစား၊ အခြေအနေ၊ အတူဖြစ်ပေါ်နေသော ရုပ်ပိုင်းဆိုင်ရာ ရောဂါနှင့် အခြားအခြေအနေများ ရှိ၊ မရှိ စသည်တို့အပေါ်မူတည်ပြီး ဆေးဝါးများဖြင့် ကုသမှု၊ စိတ်ပိုင်းဆိုင်ရာကုထုံး၊ အခြားကုသမှုများ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေအကြောင်းရင်းများကို ကုသမှုစသည်တို့ကို လိုအပ်သလိုပေါင်းစပ်ပြီး ကဏ္ဍစုံဖြင့် ချဉ်းကပ်ကုသသည့် နည်းလမ်းဖြင့် ကုသမှုခံယူနိုင်ပါသည်။ အချို့သော စိတ်ပိုင်းဆိုင်ရာ ရောဂါများသည် ကာလကြာရှည် ကုသမှုခံယူရန် လိုအပ်ပါသည်။
ကာကွယ်တားဆီးခြင်း
လူမှုအသိုက်အဝန်းအတွင်း စိတ်ကျန်းမာရေးအခြေအနေ ကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများကို ကာကွယ်တားဆီးခြင်းသည် ကဏ္ဍအသီးသီးပါဝင်သည့် ကျယ်ပြန့်သောကိစ္စတစ်ခု ဖြစ်သည်။ အဆိုပါလုပ်ဆောင်မှုများတွင် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများနှင့်စပ်လျဉ်းပြီး လူထုအတွင်း သတိပြုစိတ်ဝင်စားမှု မြှင့်တင်ပေးရန် လုပ်ဆောင်ခြင်း၊ ကိုယ်ဝန်ဆောင်ကာလ အတွင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်း၊ ကလေးဘဝအတွင်း ဆိုးရွားသော ဖြစ်စဉ်များ ကြုံတွေ့ရမှုများကို ကာကွယ်နိုင်ရန်လုပ်ဆောင်ခြင်း၊ ကျောင်းကျန်းမာရေးကဏ္ဍ၊ လုပ်ငန်းခွင်ကျန်းမာရေးကဏ္ဍ စသည်တို့ကို မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ စိတ် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်စေရန် ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ပါသည်။
လူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် မိမိ၏စိတ်ကျန်းမာရေးအခြေအနေ ကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ရာတွင် စိတ်ဖိစီးမှုများလျှော့ချခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင် စားသောက်ခြင်း၊ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲမှုကို ရှောင်ကြဉ်ခြင်းတို့ လုပ်ဆောင်ရပါမည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာများအစပျိုးလာခြင်းကို ဆောလျင်စွာ သတိပြုမိပြီး ထိရောက်စွာကုသမှုရယူ ခြင်းသည် စိတ်ပိုင်းဆိုင်ရာရောဂါ ခံစား ရခြင်းနှင့် အကျိုးဆက်များကို ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့် အချက် ဖြစ်ပါသည်။
သက်ရှိလူသားများအနေဖြင့် မိမိမျှော်မှန်းချက်အတိုင်း ဖြစ်မြောက် အောင်မြင်လာစေရန် ကြိုးစားရာတွင် နည်းမှန်လမ်းမှန်နှင့် အကောင်းဆုံး ချဉ်းကပ်လုပ်ကိုင်သင့်ပါသည်။ အကောင်း ဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသင့်ပါသည်။ ဘာသာတရားတစ်ခုခု လက်ကိုင် ပြုထားသင့်ပါသည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် တရားရှုမှတ်ခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနားထောင်ခြင်း၊ ပရိတ်/ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်ခြင်းတို့ လုပ်ဆောင်သင့်ပါသည်။
အလေးထားဆောင်ရွက်လျက်ရှိ
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လူဦးရေနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ဆောင်ရွက်ရာ တွင် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှုသည်လည်း များစွာအရေးပါလျက်ရှိပါ သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ရေးနှင့် သက်တမ်းစေ့ နေထိုင်နိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် ကိုတည်ဆောက်ရာတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးဆုံးဖြစ်သကဲ့သို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု သက်ရှည်ကျန်းမာရေးသည် အခြေခံအကျဆုံးဖြစ်ပါသည်။
ပြည်သူလူထု၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ”ဟူသည့်အတိုင်း နိုင်ငံ တော်အစိုးရသည် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အထူးသဖြင့် ပြည်သူများ၏ စိတ်ကျန်းမာရေးအလေးထားကာ လုပ်ဆောင်ပေးလျက်ရှိပါသည်။ သို့မှသာ လျှင် အနာဂတ်တွင် နိုင်ငံသူ နိုင်ငံသား အားလုံးသည် စိတ်ရောကိုယ်ပါ ကျန်းမာသည့်ဘဝများကို ပိုင်ဆိုင်ပြီး သက်တမ်းစေ့ နေထိုင်နိုင်တောမည် ဖြစ်ပါသည်။ ။
ကိုးကား -
(၁) စိတ်ကျန်းမာရေး အလေးပေး (ဒေါက်တာလွင်သန့်)။
(၂) Mental Health and Mental Disor- ders (စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း ဆိုင်ရာရောဂါများ) - CLL HEALTH


