ပဲခူး အောက်တိုဘာ ၁၆

 

ပဲခူးမြို့ မြို့တော်ခန်းမ၌ စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ကြသည်။

 

ပြောကြား

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးတို့မှ တစ်ဆင့် ပစ္စုပ္ပန်နှင့်အနာဂတ် မျိုးဆက်များအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက် အပံ့ဖြစ်စေနိုင်မည် ဖြစ်ကြောင်းနှင့် အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံနည်းပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေးဆိုသည့်အတိုင်း ကမ္ဘာပူနွေးမှုအလားအလာမြင့်မားသည့် ဟိုက်ဒရိုဖလူ ရိုကာဗွန်(HCFCs) အမျိုးအစား အအေးပေးဒြပ်ပစ္စည်းများ သုံးစွဲမှုကို လျှော့ချထိန်းချုပ်ရန် ဆက်လက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

 

ပေးအပ်ချီးမြှင့်

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။ ၎င်းနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဝန်ကြီးများက ပန်းချီ၊ ကာတွန်းနှင့် ဉာဏ်စမ်းမေးခွန်း ဖြေဆိုမှု ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားသည့် Video နှင့် အိုဇုန်းလွှာ ထိန်းသိမ်းရေး အသိပညာပေး ဗီဒီယိုကလစ်တို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ၎င်းနောက် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာစက်ပစ္စည်းများ၊ အသိပညာပေးစာအုပ် စာစောင်များ၊ ဆုရကျောင်းသား ကျောင်းသူများ၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)