နေပြည်တော် စက်တင်ဘာ ၁၆

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပညာရေးမှူးနှင့် တာဝန်ရှိ သူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းသား ကျောင်းသူများ၏ စာဖတ်ဝိုင်းပြုလုပ်နေမှုကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြပြီး စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များနှင့် ပြိုင်ပွဲများ ပြုလုပ်နေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်