ဗီယင်နာ စက်တင်ဘာ ၁၆
(၆၉) ကြိမ်မြောက် နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) အထွေထွေညီလာခံကို ဗီယင်နာမြို့တွင် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည်။ အဆိုပါညီလာခံတွင် နျူကလီးယား စွမ်းအင်နှင့် နည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုရေးနှင့် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားမပြန့်ပွားရေးကို ကာကွယ်ရန် အရေးတကြီးလိုအပ်ကြောင်း ဦးစားပေးဆွေးနွေးခဲ့သည်။
ဗီယင်နာမြို့ကုလသမဂ္ဂရုံး၏ ညွှန်ကြားရေးမှူးချုပ် ဂါဒါဝါလီပြောကြားသော မိန့်ခွန်းတွင် အိုင်အေအီးအေသည် နျူကလီးယား သိပ္ပံနှင့်နည်းပညာကို ငြိမ်းချမ်းသော ရည်ရွယ်ချက်တစ်ခုတည်းအတွက် အသုံးပြုရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်ဟု ပါရှိသည်။
ဤနည်းပညာများသည် ဖွံ့ဖြိုးတိုးတက်မှုကို တိုးတက်စေပြီး လူသားမျိုးနွယ်ကို အကာအကွယ်ပေးနိုင်ကြောင်းနှင့် နျူကလီးယားမပြန့်ပွားရေး ဆက်လက်ကြိုးပမ်းရန် တိုက်တွန်းကြောင်း အဆိုပါ မိန့်ခွန်းတွင် ဆက်လက်ဖော်ပြထား သည်။
ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုများ ကျယ်ပြန့်လာနေပြီး အကြမ်းဖက်ဝါဒ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် နျူကလီးယား စံချိန်စံညွှန်းများ လျော့နည်းလာနေချိန်တွင် ယခုလိုအခိုက်အတန့်သည် အရေးကြီးသော အခိုက်အတန့်ဖြစ်ကြောင်း အိုင်အေအီးအေညွှန်ကြားရေးမှူးချုပ် ရာဖဲလ်ဂရော့စီက ညီလာခံတွင် ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားမပြန့်ပွားရေးစနစ်သည် သိသာထင်ရှားသော ကမ္ဘာ့အရေးတင်းမာမှုများအောက်တွင် ရှိနေပြီး အကာအကွယ်လိုအပ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အသိပေးခဲ့သည်ဟု ၎င်းက ပြောကြားသည်။
စက်တင်ဘာ ၁၉ ရက်အထိ ကျင်းပမည့် အဆိုပါညီလာခံသို့ အိုင်အေအီးအေအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူ ၂၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ဆင်ဟွာ


