စက်တင်ဘာ ၁၇

 

အာဖရိကအရှေ့ပိုင်းဒေသနိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော အိုင်ဂျီအေဒီအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျီဘူတီ၊ ကင်ညာ၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နှင့် ယူဂန်ဒါနိုင်ငံတို့ရှိ လူပေါင်း ၄၂ သန်းခန့်သည် စားရေရိက္ခာမလုံလောက်မှုနှင့်မြင့်မားစွာကြုံတွေ့ရမည်ဟု ခန့်မှန်းထားကြောင်း အိုင်ဂျီအေဒီအဖွဲ့က ယမန်နေ့က ပြောကြားသည်။

 

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းများ အစီရင်ခံစာ ၂၀၂၅ ၏ ဒေသတွင်းအာရုံစိုက်မှုတွင် နိုင်ငံခြောက်နိုင်ငံတွင်  ငတ်မွတ်မှုအဆင့်သည် စိုးရိမ်ဖွယ်ရာမြင့်မားဆဲဖြစ်ကြောင်း အိုင်ဂျီအေဒီကပြောကြားခဲ့သည်။ ၎င်းနိုင်ငံများအနက် နိုင်ငံငါးခုဖြစ်သော ကင်ညာ၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နှင့် ယူဂန်ဒါနိုင်ငံတို့တွင် စားနပ်ရိက္ခာကျပ်တည်းသူအရေအတွက် သုံးဆနီးပါးတိုးလာကာ ၂၀၁၆ ခုနှစ်တွင် ၁၃ ဒသမ ၉ သန်းမှ ၂၀၂၅ ခုနှစ်တွင် ၄၁ ဒသမ ၇ သန်းအထိ မြင့်တက်လာခဲ့သည်။

 

အိုင်ဂျီအေဒီအဖွဲ့ဝင်နိုင်ငံခုနစ်ခုတွင် အသက် ခြောက်လမှ ၅၉ လအတွင်းရှိ ကလေးဦးရေ ၁၁.၄ သန်းသည် အာဟာရချို့တဲ့မှုမြင့်မားနေပြီး ၃.၁ သန်းသည် အရေးပေါ်အသက်ကယ်ကုသရန် လိုအပ်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် မိုးရွာသွန်းမှုများပြားသော်လည်း ရေလွှမ်းမိုးမှု၊ ဒေသအလိုက် ပဋိပက္ခများဖြစ်ပွားမှုတို့ကြောင့် သီးနှံထွက်ရှိမှုများ ပျက်စီးသွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို