စက်တင်ဘာ ၁၇
သုံးရက်အတွင်း ပါကစ္စတန်နှင့်အီရန်နိုင်ငံတို့မှ အာဖဂန်ဒုက္ခသည် မိသားစု ၃၄၇၅ စု၊ ဒုက္ခသည်ပေါင်း ၂၃၃၃၆ ဦး နေရပ်သို့ပြန်လည်ရောက်ရှိကြောင်း စက်တင်ဘာ ၁၅ ရက်က သတင်းထုတ်ပြန်ထားသည်။
ပြန်လည်ရောက်ရှိလာသူများသည် နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်ရှိ အစ္စလာမ်ကွာလာ၊ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်ရှိ တော့ဟမ်၊ အနောက်ပိုင်း နမ်ရော့ဇ်ပြည်နယ်ရှိ အဘစ်ဟမ်တို့အပါအဝင် နယ်စပ်ဖြတ်ကျော်မှုများမှတစ်ဆင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ်လအစောပိုင်းက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအရ အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ရန် ဆက်လက်ဖိအားပေးခံနေရသဖြင့် ယခုနှစ်လက်ရှိ အချိန်အထိ ပါကစ္စတန်နှင့်အီရန်နိုင်ငံတို့မှ နေရပ်ပြန်အာဖဂန်ဒုက္ခသည် ၂ ဒသမ ၃ သန်း ကျော် ရှိကြောင်း ဖော်ပြထားသည်။
ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီးဌာနက အာဖဂန်ဒုက္ခသည် ခြောက်သန်းခန့်ရှိရာ အများစုသည် အထောက်အထားမဲ့ဖြစ်ပြီး အီရန်နှင့်ပါကစ္စတန်နိုင်ငံတို့တွင် အများစုရှိကြောင်း ဇူလိုင်လနှောင်းပိုင်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


