နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အထက၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး အထက(၂) ပျဉ်းမနားမှ ကျောင်းသား ကျောင်းသူများက ကိုယ်ကာယကြံ့ခိုင်မှု အတွဲအမှတ်(၃) (၄) နှင့် Fitness Exercise (PE-22) ကကွက်များဖြင့် လည်းကောင်း၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများက အေရိုးဗစ်အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြ သည်။
ကျောင်းသား အားကစားပွဲတော်တွင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ စသည့် အားကစားနည်း ခုနစ်မျိုးဖြင့် ပြိုင်ပွဲဝင်အသင်းရှစ်သင်း ယှဉ်ပြိုင်ကစားကြပြီး နေပြည်တော် အထက(၆)၊ အထက(၇)၊ လယ်ဝေးမြို့ trainer Centre(2) တို့တွင် အသီးသီးကျင်းပမည်ဖြစ်ကာ စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)


