ပုသိမ်     စက်တင်ဘာ     ၁၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို    ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌  ကျင်းပရာ အခမ်းအနားသို့   ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂ဝ၂၅-  ၂ဝ၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ကျင်းပရခြင်းရည်ရွယ်ချက်မှာ  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   အခြေခံပညာ ကျောင်းသား ကျောင်းသူ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ယှဉ်ပြိုင်ကစားနိုင်ရန်၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊  ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏  ဂုဏ်ကိုဆောင်နိုင်ပြီး   တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် သတ်မှတ်စံချိန်ပြည့်မီအောင် ကြိုးစားဆောင်ရွက်ပြီး တိုင်းဒေသကြီးဂုဏ်ကို ဆောင်မည့် (၁၄)ကြိမ်မြောက် အရှေ့တောင်အာရှ ကျောင်းသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင် နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် ကျန်းမာပျော်ရွှင်မှုရှိမှသာ  အားကစားကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အုပ်ချုပ်သူများ၊ နည်းပြများ၊ တာဝန်ရှိသူများအားလုံးက ပြိုင်ပွဲဝင်ကစားသမားများ၏ ကျန်းမာရေးကောင်းမွန်စေရေး၊  ဘေးကင်းလုံခြုံမှုရှိစေ ရေးတို့အတွက် အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး   အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဖွင့်လှစ်ပေးကာ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။ ယခုနှစ် တိုင်းဒေသကြီးအဆင့်   အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ဘောလုံး(ကျား၊ မ)၊  ဘော်လီဘော(ကျား၊ မ)၊  ဘတ်စကက်ဘော (ကျား၊ မ)၊ ကြက်တောင်(ကျား၊ မ)၊ ပိုက်ကျော်ခြင်း (ကျား၊ မ)၊ ပြေးခုန်ပစ်(ကျား၊ မ)၊ စားပွဲတင်တင်းနစ် (ကျား၊ မ) စသည့် အားကစားနည်း ခုနစ်မျိုးဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ပုသိမ်မြို့ပေါ်ရှိ ကိုးသိန်းအားကစားကွင်း၊ ကျောက်တိုင်အားကစားကွင်း၊ ကိုးသိန်းအားကစားရုံနှင့် အထက်တန်း ကျောင်းဘောလုံးကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။               

တိုင်းဒေသကြီး(ပြန်/ဆက်)