ရန်ကုန် စက်တင်ဘာ ၁၇
FIFA-MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ် ဖြစ်သည့် ပွဲစဉ်(၂၂)ကို စက်တင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ကျင်းပရာ Winner Soccer အသင်း ချန်ပီယံဆုဆွတ်ခူးခဲ့သည်။
ပွဲစဉ်(၂၂)တွင် JV အသင်းက FFU မင်းမဟော်အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ Pacific Sun Far အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ၁၁ ဂိုး-သုံးဂိုး၊ Royal Noka အသင်းက ဖူဆယ်ချစ်သူအသင်းကို ရှစ်ဂိုး-နှစ်ဂိုး၊ Winner Soccer အသင်းက MIU အသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ YCDC MHDT အသင်းက Generations အသင်းကို ၁၀ ဂိုး-တစ်ဂိုး၊ YRG အသင်းက VUC ULAD အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ Winner Soccer အသင်းသည် လက်ကျန်တစ်ပွဲအလိုကတည်းက ချန်ပီယံဖြစ်ခဲ့ပြီး နောက်ဆုံးပွဲတွင်လည်း ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် Winner Soccer အသင်းက ပွဲ ၂၀ နိုင်၊ သရေပွဲမရှိ၊ နှစ်ပွဲရှုံး၊ ရမှတ် ၆၀ ဖြင့် ချန်ပီယံဆု၊ YRG အသင်းက ရမှတ် ၅၄ မှတ်ဖြင့် ဒုတိယ၊ YCDC MHDT အသင်းက ရမှတ် ၅၀ ဖြင့် တတိယဆုရရှိပြီး ယင်း သုံးသင်းနောက်တွင် VUC ULAD အသင်းနှင့် JV အသင်းတို့က ၃၆ မှတ်စီ၊ ဖူဆယ်ချစ်သူအသင်း က ၃၂ မှတ်၊ Pacific Sun Far အသင်းက ရမှတ် ၃၀၊ MIU အသင်းနှင့် Royal Noka အသင်းတို့က ၂၈ မှတ်စီ၊ Generations အသင်းက ရမှတ် ၂၀၊ FFU မင်းမဟော်အသင်းက ၁၀ မှတ် ရရှိကာ ရွှေပြည်သာယူနိုက်တက်အသင်းမှာမူ အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို ရမှတ်လည်း မရရှိသဖြင့် -၆ မှတ်ဖြင့် အောက်ဆုံးတွင် ရပ်တည်ခဲ့သည်။
နောက်ဆုံးပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပပြီး အသန့်ရှင်းဆုံးအသင်းဆုရရှိသော Pacific Sun Far အသင်းအား ဆုဖလားနှင့် ဆုကြေးကျပ် သုံးသိန်း၊ အကောင်းဆုံးဂိုးသမားဆုရရှိသော အောင်ထူးခန့်(YRG)နှင့် အကောင်းဆုံးကစားသမားဆု ရရှိသော အောင်ခန့်ဇော် (Winner Soccer) တို့ကို ဆုတံဆိပ်နှင့် ဆုကြေးကျပ်ငါးသိန်းစီ၊ စတုတ္ထဆုရရှိသော VUC ULAD အသင်းအား ဆုကြေးကျပ် ၁၀ သိန်း၊ တတိယဆုရရှိသော YCDC MHDT အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁၅ သိန်း၊ ဒုတိယဆုရရှိသော YRG အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေး ကျပ်သိန်း ၃၀၊ ပထမဆုရရှိသော Winner Soccer အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဆုကြေး ကျပ်သိန်း ၅၀ နှင့် ချန်ပီယံဆုဖလားတို့ ပေးအပ်ချီးမြင့်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ- MFF


