စက်တင်ဘာ ၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါအတည်ပြုလူနာ ၄၀၀၀၀ နီးပါးရှိကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၂၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ ယခုလ လက်ရှိအချိန်အထိရောဂါအတည်ပြုလူနာ ၈၃၃၈ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာနက ဖော်ပြထားသည်။

ယမန်နေ့က ယင်းရောဂါဖြင့် ငါးဦးထပ်မံသေဆုံးခဲ့ရာ ယခုနှစ်လက်ရှိအချိန်အထိ သေဆုံးသူ ၁၆၁ ဦး ရှိလာကြောင်း ထိုဦးစီးဌာနက အတည်ပြုပြောကြားသည်။

ဇူလိုင်လက ရောဂါဖြစ်ပွားသူ ၁၀၆၈၄ ဦး ရှိပြီးနောက် ဩဂုတ်လတွင် ၁၀၄၉၆ ဦး ထပ်မံတွေ့ရှိခဲ့ရာ ယခုနှစ်အတွင်း  ရောဂါဖြစ်ပွားသူ ၃၉၈၁၄ ဦး ရှိလာသည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါထပ်မံဖြစ်ပွားမှုကိုတားဆီးရန်အလို့ငှာ ကျန်းမာရေးအာဏာပိုင်များက ခြင်ပေါက်ပွားမှု များကို စစ်ဆေးရန်နှင့် ပိုးလောက်လမ်းများကို ဖယ်ရှားရန် စီမံချက်များ လုပ်ဆောင်လျက်ရှိသည်။

၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်သေဆုံးသူ ၁၇၀၅ ဦးရှိရာ နှစ်စဉ်သေဆုံးမှုတွင် အမြင့်မားဆုံးဖြစ်သည်။

ဇွန်လမှစက်တင်ဘာလအထိ မုတ်သုံကာလသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသောရာသီကာလဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို