နေပြည်တော်   စက်တင်ဘာ   ၁၈

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ    ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊   အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက   အဖွဲ့ချုပ်မှ   တာဝန်ရှိသူများအနေဖြင့်      (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝိတ်တန်းများအလိုက် အင်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်၊ ဂျူဒိုအားကစားနည်းဖြင့် နိုင်ငံတော်အတွက်    အောင်မြင်မှုဆုတံဆိပ်များ ရယူပေးနိုင်ရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများ  ပေါ်ထွက်လာစေရန်   လေ့ကျင့်မှုအပိုင်းနှင့် အုပ်ချုပ်ထောက်ပံ့မှုအပိုင်းများကို ကြိုးစားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာဂျူဒိုအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားအောင်   ကြိုးပမ်းဆောင်ရွက်ပေးနေသည့် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား မှတ်တမ်းတင်ဂုဏ်ပြုကြောင်းနှင့် ဂျူဒိုအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ  ဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂျူဒိုအားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် အခြား နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးနှင့် အောင်မြင်မှုများ ပိုမိုရရှိစေရေးအတွက် အားကစားသမားများ၏ လေ့ကျင့်နေမှုအခြေအနေများ၊ အဖွဲ့ချုပ်၏ ဆောင်ရွက်လျက်ရှိသည့်     လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက်     ပြည်ထောင်စုဝန်ကြီးက   လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  အုပ်ချုပ်၊   နည်းပြများနှင့် အားကစားသမားများအနေဖြင့် (၃၃)ကြိမ်မြောက်   အရှေ့တောင်အာရှ      အားကစားပြိုင်ပွဲတွင် နိုင်ငံတော်အတွက် အောင်မြင်မှုများရရှိအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်