တိုကျို စက်တင်ဘာ ၁၈
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ် အီရှီဘာ ရှီဂီရူ နေရာ ဆက်ခံမည့်သူကို ရွေးချယ်ရန် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဂျပန်ထိပ်တန်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဟာယာရှီ ယိုရှီမာဆာက တရားဝင်ကြေညာလိုက်သည်။
အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟာယာရှီ က စက်တင်ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ကီရှီဒါ ဖူမီယိုနှင့် ဝန်ကြီးချုပ် အီရှီဘား လက်အောက်တွင် အစိုးရအဖွဲ့ အတွင်းဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဟာယာရှီက ပြောကြားလိုက်ပြီး ယခုအတွေ့အကြုံပေါ်တွင် အခြေခံပြီး နောက်ထပ် အတွေးအမြင်အသစ်များ ထပ်မံပေါင်းစပ်လုပ်ကိုင်သွားရန် မျှော်လင့်ထားသည်။
ပါလီမန်တွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရချိန်မှစပြီး တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ မိမိရရှိခဲ့သော အတွေ့အကြုံများကို ထည့်သွင်းအသုံးပြုပြီး ဂျပန်နိုင်ငံအတွက် အလုပ်လုပ်ပေးချင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံအတွက် လူတိုင်းမျှော်လင့်ချက် အိပ်မက်များနှင့် မိမိကိုယ်မိမိ ဂုဏ်ယူ နိုင်မှုများရှိနေမည့် အနာဂတ်တစ်ခုဖန်တီးသွားမည့် ၎င်း၏ အစီအစဉ်ကိုလည်း တင်ပြခဲ့သည်။ အဆိုပါ အစီအစဉ်တွင် လုပ်ခလစာ တစ်ရာခိုင်နှုန်းခန့် ဆက်တိုက်တိုးသွားရန် မျှော်မှန်းထားသည်။ ထို့အပြင် အဆိုပါအစီအစဉ်က ရေရှည်တည်တံ့သော လူမှုဖူလုံရေးစနစ်နှင့် ၂၀၄၀ ပြည့်လွန်နှစ်များသို့ ဦးတည်သည့် ခိုင်မာသည့် စီးပွားရေးစနစ်ကို တည်ဆောက်ရန် ရည်ရွယ်သည့် လမ်းပြမြေပုံတစ်ခု ဖန်တီးရေးဆွဲရန်လည်း တောင်းဆိုထားသည်။
၂၀၁၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် လစ်ဘရယ်ဒီမိုကရက်တစ် ခေါင်းဆောင်နေရာအတွက် ကြိုးစားပြီးနောက် ယခုတစ်ကြိမ် ကြိုးစားမှုသည် ဟာယာရှီ၏ တတိယအကြိမ်မြောက် ကြိုးစားမှုဖြစ်ကြောင်း၊ ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော် မှုများကို စက်တင်ဘာ ၂၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ခေါင်းဆောင်သစ်ကို အောက်တိုဘာ ၄ ရက်တွင် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


