ထရီပိုလီ စက်တင်ဘာ ၁၈
ဆူဒန်နိုင်ငံသားအများစုပါဝင်သည့် ရွှေ့ပြောင်းနေထိုင်သူ ၇၄ ဦးကို တင်ဆောင်လာသည့်လှေသည် စက်တင်ဘာ ၁၃ ရက်က လစ်ဗျားနိုင်ငံမှ ထွက်ခွာလာစဉ် တိမ်းမှောက်ခဲ့ရာ ၁၃ ဦးသာ အသက်ရှင်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ (ယူအင်န်အိတ်ချ်စီအာ) က စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။
အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့် ချစ်ရသူများအား ဝမ်းနည်းကြောင်း ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီက ပြောကြားခဲ့ပြီး ဆူဒန်နိုင်ငံရှိ ပဋိပက္ခကိုအဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် ဘေးကင်းလုံခြုံပြီး တရားဝင်ရွှေ့ပြောင်းနေထိုင်မှုလမ်းကြောင်းများမှာ အကန့်အသတ်ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အမှန်တကယ်ဖြေရှင်းရမည့်နည်းလမ်းမှာ ဆူဒန်တွင် တိုက်ပွဲများကို အဆုံးသတ်ရန်ဖြစ်ပြီး သို့မှသာလျှင် မိသားစုများ ဘေးကင်းလုံခြုံစွာနေရပ်ပြန်နိုင်မည်ဖြစ်ကာ ယခုကဲ့သို့အန္တရာယ်များသည့်လမ်းကြောင်းကို ရွေးချယ်တော့မည်မဟုတ်ဟု အေဂျင်စီက ပြောသည်။ လှေတစ်စင်းပေါ်တွင် မီးလောင်မှုကြောင့် ဆူဒန်ဒုက္ခသည် ၅၀ ခန့် သေဆုံးခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်း၏ စက်တင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်အတွင်း လူမှောင်ခိုကူးမှုပေါင်း ၅၁ ခုကို မှတ်တမ်းတင်ထားပြီး နိုင်ငံအသီးသီးမှ ရွှေ့ပြောင်းနေထိုင်သူ ၃၄၈၀ ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု ရေတပ်က ပြောသည်။ လစ်ဗျားနိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူများအတွက် ဥရောပသို့ သွားရောက်ရာတွင် အဓိကထွက်ပေါက်သဖွယ် ဖြစ်နေဆဲဖြစ်သည်။
ဆင်ဟွာ


