သထုံ ၁၅ မတ်
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ အ-ထ-က(၄) ကျောင်းနံဘေးရှိ မြန်မာနှစ်ခြင်း ခရစ်ယာန် အသင်းတော် ကျောင်းဝင်းအတွင်း၌ အဆောက်အဦသစ် တည်ဆောက်ရန် မြေတူးရာမှ မတ်လ ၁၄ ရက်၊ နံနက်က မုဒြာပုံစံ အမျိုးမျိုးတို့ဖြင့် ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် အကျိုးအပဲ့ စုစုပေါင်း ၂၄၀ ကျော်ခန့် တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ကျောင်းဝင်းထဲ ထမင်းစားဆောင်ဆောက်ဖို့ မြေတူးရင်း ပေါ်လာတာပါ။ အုတ်ခွက်ဘုရား အချပ် ၁၀ဝ လောက်ကို တစုတည်း တွေ့တယ်။ ကျန်တာကတော့ ဟိုနည်းနည်း ဒီနည်းပေါ့။ နားမလည်တော့ ဘာလုပ်ရမှန်း မသိဘူး တာဝန်ရှိသူတွေဆီ အပ်နှံမှာပါ” ဟု မြန်မာနှစ်ခြင်းခရစ်ယာန်ကျောင်းမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ရှေးဟောင်းအုတ်ခွက် ဘုရားများကို သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုခဲ့ကြပြီး သမိုင်းအထောက်အထားများ သိရှိစေရန် ဝိုင်းဝန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုတူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများမှာ မြန်မာနှစ်ခြင်းအသင်းတော် အနီးရှိ စတုဘုမ္မိကမဟာသတိပဌာန် (ငှက်တွင်း) ကျောင်းတိုက်ဝင်းအတွင်း၌ ယခင် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ ဇူလိုင်လ ၁၅ ရက်၊ သြဂုတ်လ ၈ ရက်နှင့် စက်တင်ဘာလ ၁၅ ရက်နေ့တို့တွင် တူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားပေါင်း ၆၅၀ ကျော်၊ အကျိုးအပဲ့ ၉၀ဝ နီးပါးတို့နှင့် လက်ရာတူ ပုံစံတူ အုတ်ခွက်ဘုရားများဖြစ်ပြီး ထိုအုတ်ခွက်ဘုရားများမှာ ပုဂံခေတ်ထက်စောနိုင်ကြောင်း လက်ရာများမှာ အိန္ဒိယအရှေ့တောင်ပိုင်း ယခု ဘင်္ဂလားနယ်ထဲ၌ ထွန်းကားခဲ့သည့် (Pala-Sena Period) လက်ရာမျိုးဟု ယူဆရကြောင်း ရှေးဟောင်းသတေသနပညာရှင် ဦးစံဝင်းက ထိုစဉ်က မှတ်ချက်ပြု ပြောဆိုထားသည်။
လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ကလည်း အဆိုပါ အနီးရှိ အ-ထ-က(၂)ကျောင်းဝင်းအတွင်း အုတ်ခွက်ဘုရားပေါင်း ၁၀ဝ၀ ကျော်ကို တူးဖေါ်တွေ့ရှိခဲ့ရဖူးကြောင်း၊ ဒုတိယအကြိမ်တွင် ငှက်တွင်းကျောင်းတိုက်ဝင်းအတွင်းနှင့် ယခု တူးဖေါ်တွေ့ရှိသော ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ တတိယအကြိမ် တူးဖေါ်တွေ့ရှိရခြင်း ဖြစ်ကြောင်း လက်ရှိအချိန်တွင် တူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ယာယီထိန်းသိမ်းထားကြောင်း သိရသည်။
သက်ဦး(သထုံ)


