နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများစစ်ဆေး၊ တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော် စက်တင်ဘာ ၁၉

 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြရာ တိုင်းစစ် ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်က ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ၊ အရာရှိ၊ စစ်သည်များ မိသားစုများ၏ သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်၊ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်နှင့် နိုင်ငံပိုင်ရေပြင်များ လုံခြုံရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ထိထိရောက်ရောက်နှင့် အကျိုးရှိအောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ 

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တိုင်းရန်အောင်ခန်းမ၌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် မြိတ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်နယ်မှအရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

 

စွမ်းရည်စွမ်းအားပြည့်ဝသည့် တပ်များနှင့် ကျန်းမာကြံ့ခိုင်ပြီး ရဲစွမ်းသတ္တိရှိသည့် တပ်မတော်သားများဖြစ်စေရေး

 

ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိကြောင်း၊ ထိုသို့ ကာကွယ်ရာတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကာကွယ်ရန်၊ နိုင်ငံတော်သယံဇာတပစ္စည်းများကို ကာကွယ်ရန်နှင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့ တစ်ဖွဲ့ချင်းစီအလိုက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝနေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိတို့ သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းကြခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများ၏ တစ်ဦးချင်းအရည်အချင်းများ ပြည့်ဝစေရေး အဆင့်အလိုက် သတ်မှတ်ထားသည့် အခြေခံသင်တန်းများနှင့် သက်ဆိုင်ရာနယ်ပယ်များအလိုက် စစ်ပညာများကို သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း။

 

တပ်မတော်သားများ တစ်ဦးချင်းအနေဖြင့် အမြဲကျန်းမာ ကြံ့ခိုင်နေစေရေး မိမိတို့ နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ အလားတူ နေ့စဉ်ဆောင်ရွက်ရသည့် သမားစဉ်လုပ်ငန်းများကိုလည်း လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း။

 

တပ်မတော်သားတစ်ဦးချင်းအနေဖြင့် ရဲစွမ်းသတ္တိ လုပ်ရဲကိုင်ရဲသည့် သတ္တိများရှိနေရန်လိုကြောင်း၊ တပ်မတော်သားအဖြစ် ဝင်ရောက်လာကြသူများသည် တပ်မတော်သားကောင်းတစ်ဦး၏ ဘဝကိုလိုချင်သောကြောင့် ဝင်ရောက်လာကြသူများဖြစ်ကြောင်း၊ တစ်ဦးချင်းအနေဖြင့် လုပ်လိုကိုင်လိုသော စိတ်၊ လုပ်ရဲကိုင်ရဲသည့် စိတ်များ ရှိရန်လိုကြောင်း၊ မိမိတို့ကိုင်ဆောင်သည့် လက်နက်များကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အသုံးချနိုင်ရန်အတွက် အမြဲလေ့ကျင့်နေရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နေမှသာ မိမိကိုယ်ကိုနှင့် မိမိကိုင်ဆောင်ရသည့် လက်နက်အပေါ် ယုံကြည်မှုရှိသည့် စိတ်ဓာတ်များ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအားလုံး လေ့ကျင့်သားပြည့်ဝနေစေရေး လေ့ကျင့်သင်ကြား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေ့စဉ် ဆောင်ရွက်နေရသည့် လုပ်ငန်းများတွင် မိမိတို့ကို သင်ကြားပေးထားသည့် စစ်အတတ်ပညာရပ်များကို အမြဲအသုံးပြု ဆောင်ရွက်နေမည်ဆိုပါက လေ့ကျင့်သားပြည့်ဝလာမည်ဖြစ်ကြောင်း။

 

တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး ၄ ရပ်

 

တပ် တည်ဆောက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းစဉ် (၄) ရပ် ချမှတ်ဆောင်ရွက်နေကြောင်း၊ လေ့ကျင့်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့နေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းများအား မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းသည် လေ့ကျင့်ရေးဖြင့် တည် ဆောက်နေခြင်းပင်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ဝတ်စားဆင်ယင်မှု၊ သွားလာနေထိုင်မှုနှင့် အခြားကဏ္ဍများတွင် အုပ်ချုပ်ရေးပိုင်းသည်ပါဝင်ကြောင်း၊ အုပ်ချုပ်ရေးပိုင်း ကောင်းမွန်မှသာ တပ်များ၏ စွမ်းရည်နှင့် စွမ်းအားများကောင်းမွန်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများက အုပ်ချုပ်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသကဲ့သို့ လိုက်ပါဆောင်ရွက်နေရသူများအနေဖြင့်လည်း မိမိတို့၏ တစ်ဦးချင်းအသိ စိတ်ဓာတ်များဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်ခြင်းသည် တိုက်ပွဲအောင်နိုင်ရန်အတွက် များစွာအရေးကြီးကြောင်း။

 

သက်သာ ချောင်ချိရေးနှင့် ပတ်သက်၍ တပ်ပိုင်နှင့်တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေကြောင်း၊ အသောက်အစား အပျော်အပါးများကိုလည်း အသိတရားဖြင့် ထိန်းသိမ်းနေထိုင် ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်ကာကွယ်ရေး တာဝန် များကို ပြည့်ဝစွာ ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီ အလိုက် အသိတရား၊ သတိတရားများဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း။

 

အုပ်ချုပ်မှု ကောင်းအောင်၊ သက်သာချောင်ချိမှုများရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် တပ်မတော်သား တစ်ဦးချင်းစီ၏ စိတ်ဓာတ်များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး ၄ ရပ်ကို အလေးထားလိုက်နာဆောင်ရွက် သွားကြရန်လိုကြောင်း။

 

ပညာရေးအားပေးရန်နှင့် တပ်မတော်သားကောင်းများ ဖြစ်စေရန်

 

တပ်မတော်သား မိသားစုဝင်များ၏ ပညာသင်ကြားရေးနှင့် ပတ်သက်၍ မိမိတို့၏ သားသမီးများအား ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ အနည်းဆုံးအဆင့် အခြေခံပညာ အလယ်တန်း အောင်မြင်အောင် သင်ကြား၍ စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက် တန်းကျောင်းများ၌ ဆက်လက် တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ သားသမီးများ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ပေးသကဲ့သို့ ကိုယ်တိုင်လည်း စာအုပ်စာပေများကို အမြဲဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာပေးဆောင်းပါးများကိုလည်း ဖတ်ရှုလေ့လာပြီး အချင်းချင်း ပြန်လည်မျှဝေ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဆိုပါက တစ်ဦးချင်း၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် သတင်းမီဒီယာခေတ်ဖြစ်သည်နှင့်အညီ လူမှုကွန်ရက်များအသုံးပြုရာတွင်လည်း အကျိုးမဲ့ဖြစ်စေမည့် မိမိနှင့် မိမိတို့၏ အဖွဲ့အစည်းကို ထိခိုက်စေနိုင်သည့် လုပ်ဆောင်ချက်များမဖြစ်အောင် တစ်ဦးချင်း အသိတရားဖြင့် အသုံးပြုကြရန်လိုကြောင်း၊ တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်ပေးနေရန်လိုကြောင်း။

 

နိုင်ငံတော်ကာကွယ်ရေးအတွက် ကာကွယ်ရေးစွမ်းပကားများ တိုးတက်စေရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ပြီး တပ်မတော်သားကောင်းများ ပီသစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တပ်မတော်အတွက် နာမည်ကောင်းကျန်အောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေး စွာမေးမြန်းပြီး အားပေးစကား ပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးသည်လည်း ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်