ရန်ကုန်   စက်တင်ဘာ   ၂၁

အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်း အတွင်းဝန်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်း  အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏရှိ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမသို့ရောက်ရှိပြီး လေ့ကျင့်အသုံးပြုလျက်ရှိသည့်ခုံများ သန့်ရှင်းစေရေး၊  မီးအလင်းရောင် လုံလောက်စွာရရှိစေရေး ကိစ္စရပ်များ     ဆွေးနွေးမှာကြားသည်။

ယင်းနောက်  ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ   မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်သို့ ရောက်ရှိ၍ (25m RANGE) သေနတ်ပစ်ကွင်းရှိ အမိုးအကာကြံ့ခိုင်မှုအခြေအနေနှင့် ပစ်ခတ်စဉ်များ၊ စက်ပစ်ကွင်းအနေအထားများ၊ စားရိပ်သာသန့်ရှင်းသပ်ရပ်စွာထားရှိမှု အခြေအနေ၊ ချက်ပြုတ်ပြင်ဆင်ထားရှိမှု၊ ဒဂုံမြောက်ရေကူးကန်ရှိ ရေကူးကန်များ၊  မီးလိုင်းများ၊ သန့်စင်ခန်းများကို ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများနှင့် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ လေ့ကျင့်နေသည့်နေရာများ၊ စားရိပ်သာတို့၌ သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ရေ၊ မီး၊ သန့်စင်ခန်းများ အဆင်ပြေစွာအသုံးပြုနိုင်စေရေး၊ လေ့ကျင့်ရေးပစ္စည်းများ    ပြည့်စုံစွာရရှိစေရေး၊   ရေကူးကန်သို့ လာရောက်ရေကူးရာတွင် ရေကူးသူများနှင့် မိဘပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေရန် တာဝန်ရှိသူများအား   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။                         

 သတင်းစဉ်