နေပြည်တော် စက်တင်ဘာ ၂၂
မုံရွာအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းဦး အသက်ရှုကြပ် အမောဖောက်စဉ် အကျဉ်းဦးစီးဌာနက ဆေးကုသပေးရန်နှင့် ဆေးရုံပို့ပေးရန် ငြင်းဆန်သဖြင့် သေဆုံးသည်ဟု Khit Thit Media အမည်ခံ Facebook Page က စက်တင်ဘာ ၄ ရက်က မဟုတ်မမှန် စွပ်စွဲရေးသား ဖော်ပြခဲ့သည်။
အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား/သူဟူ၍ မရှိဘဲ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကျုးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိကြောင်း၊ အကျဉ်းသား ဇော်မင်းဦး (ဘ)ဦးလှငွေသည် လျှပ်စစ်မီးကြိုးခိုးယူမှု ပပက ၆(၁)ဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံနေရသော အကျဉ်းသားဖြစ်ပြီး အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေသကဲ့သို့ ဖြစ်ခြင်း၊ ရင်ညွန့်နေရာမှ အောင့်ခြင်း၊ ဆီးအရောင်ဝါခြင်းစသည့် ရောဂါလက္ခဏာများ ခံစားနေရသခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက်တွင် အကျဉ်းထောင်ဆေးခန်းသို့ လာရောက်ပြသဖြင့် အကျဉ်းထောင်ဆရာဝန်က စမ်းသပ်စစ်ဆေးခဲ့ရာ အဖျားမရှိခြင်း၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း ပုံမှန်ဖြစ်ခြင်း၊ ရင်ညွန့်နေရာတွင် လက်ဖြင့် ဖိစမ်းသပ်ပါက အနည်းငယ်နာသည်မှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံး ပုံမှန်ဖြစ်ခြင်း၊ လူနာ၏ ရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်းများအရ အစာအိမ်ရောင်ခြင်းနှင့် အသည်းအနည်းငယ် ရောင်ခြင်းဖြစ်သဖြင့် လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ စက်တင်ဘာ ၂ ရက်တွင် အကျဉ်းသားမှ ရုတ်တရက်မောကြပ်ခြင်းကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း။
အကျဉ်းသားလူနာသည် စက်တင်ဘာ ၃ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် ဆေးကုသမှု ခံယူလျက်ရှိရာမှ နှလုံးကြွက်သား လျော့တွဲအားနည်းရောဂါကြောင့် ရုတ်တရက် နှလုံးခုန်ရပ်တန့်၍ သေဆုံးသွားသဖြင့် ၎င်း၏ မိသားစုဝင်များထံသို့ အကြောင်းကြားပြီး မိသားစုဝင်များနှင့်အတူ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
Khit Thit Media က ဖော်ပြထားသကဲ့သို့ ဆေးဝါးကုသခွင့်မရ၍ သေဆုံးရသည့် သေဆုံးအကျဉ်းသားများ လစဉ်ပိုမိုတိုးလာသည်မှာ မှန်ကန်မှုမရှိကြောင်း၊ ထို့ပြင် အကျဉ်းသားများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမရှိကြောင်း၊ LGBT အကျဉ်းသား အချို့အပေါ် အကျဉ်းဦးစီးဌာနမှ လက်သပ်မွေးထားသည့် ရာဇ၀တ် အကျဉ်းသားများက လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိကြောင်း သိရသည်။
အကျဉ်းထောင် ဆေးခန်းတွင် ဆေးဝါးအပြည့်အစုံဖြင့် ကုသပေးလျက်ရှိပြီး သက်သာမှုမရှိပါက ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသပေးလျက်ရှိကြောင်း၊ အကယ်၍ အကျဉ်းသားများ သေဆုံးမှုရှိပါက မိသားစုထံ ဆက်သွယ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မည်သည့် အကျဉ်းသားကိုမဆို ခွဲခြားဆက်ဆံမှုမပြုရန် နှိပ်စက်ညှင်းပန်းမှုများမရှိအောင် တာဝန်ရှိသူ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ Mizzima News in Burmese အမည်ခံ Facebook Page က ဘားအံ အကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၁ ဦး ၃ လကြာ တိုက်ပိတ်ခံထားရပြီး ၁ ဦး သေဆုံးသည်ဟု မဟုတ်မမှန် စွပ်စွဲရေးသား ဖော်ပြခဲ့သည်။
ဘားအံအကျဉ်းထောင်တွင် ဇွန် ၁၄ ရက်က ရှာဖွေရေးပြုလုပ်ရာတွင် အကျဉ်းသား သူရအောင် (ဘ)ဦးမြင့်သိန်း ပိုင်ဆိုင်သည့် keypad ဖုန်း ၁ လုံး၊ အားသွင်းကြိုး(၁)စုံတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့ပြီး ထို့သို့ သိမ်းဆည်းရမိခဲ့သည့်အတွက် အကျဉ်းသား သူရအောင် (ဘ)ဦးမြင့်သိန်းအား အကျဉ်းထောင် အက်ဥပဒေပုဒ်မ-၄၂ ဖြင့် ဘားအံမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ကာ မြို့နယ်တရားရုံးမှ ပြစ်ဒဏ် ၆ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် အမှတ်(၁)အိပ်ဆောင်မှ အကျဉ်းသား ၃ ဦး၊ အမှတ်(၄)အိပ်ဆောင်မှ အကျဉ်းသား ၁၀ ဦး၊ ဦးဆောင်သူ စုစုပေါင်း ၁၃ ဦး တို့ကို အကျဉ်းထောင်နည်းဥပဒေအပိုဒ် ၈၁၈ အရ သီးခြားခွဲခြားထားရှိခြင်း၊ အကျဉ်းထောင် နည်းဥပဒေအပိုဒ် ၈၃၈ အရ သာမန်လျှော့ရက်ဖြတ်တောက်ခြင်း၊ အကျဉ်းထောင် နည်းဥပဒေ အပိုဒ် ၈၄၇ အရ အထူးလျှော့ရက်ဖြတ်တောက်ခြင်း၊ အကျဉ်းထောင် နည်းဥပဒေအပိုဒ် ၈၄၂ အရ တစ်နှစ်ပတ်လုံး စည်းကမ်းကောင်းမွန်စွာနေထိုင်သည့် ဆုမှတ် ၁၅ ရက် ဖြတ်တောက်ခြင်း စသည့် ပြစ်ဒဏ်များကို အကျဉ်းထောင် နည်းဥပဒေနှင့်အညီ စီမံခန့်ခွဲရေးပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အကျဉ်းသား တစ်ဦးတစ်ယောက်ကိုမျှ ရိုက်နှက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို့အတူ ဘားအံအကျဉ်းထောင်တွင် အကြမ်းဖက်-၅၂(က) အရ ထောင်ဒဏ် ၇ နှစ် ကျခံလျက်ရှိသည့် အကျဉ်းသား ဉာဏ်မင်းထွန်း (ဘ)ဦးသန်းထွန်းသည် အကျဉ်းထောင်အတွင်း၌ နေထိုင်စဉ် နှလုံးသွေးကြောကျဉ်း၊ အဆုတ်ပိုးဝင်ခြင်း၊ ဝမ်းပျက်ခြင်း၊ နှလုံးကြွက်သား အားနည်းခြင်းရောဂါဝေဒနာများ ခံစားခဲ့ရသဖြင့် အကျဉ်းထောင်ဆရာဝန်က လိုအပ်သော ဆေးဝါးများဖြင့် ဆေးဝါးကုသပေးခဲ့သည်။
ယင်းအကျဉ်းသားသည် ပြင်ပတွင်နေထိုင်စဉ်ကပင် နှလုံးသွေးကြောကျဉ်းရောဂါကို ကာလကြာရှည်စွာခံစားနေသူ၊ အဝလွန်ကဲသူ ဖြစ်သည့်အတွက် အကျဉ်းထောင်သို့ ရောက်ရှိချိန်တွင် အကျဉ်းထောင်ဆေးခန်း၌ အမြဲတစေ ဆေးဝါးကုသမှု ခံယူနေရသူတစ်ဦးဖြစ်ပြီး ဇူလိုင် ၁၄ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် အသက်ရှူကြပ်ခြင်း၊ မောခြင်းတို့ကြောင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ကုသခဲ့ပြီး ဘားအံ ပြည်သူ့ဆေးရုံကြီး၊ တာဝန်ခံဆရာဝန်က ဆေးဝါးကုသမှုပေးခဲ့သော်လည်း နှလုံးအတွင်း သွေးခဲများပိတ်သည့် ရောဂါဝေဒနာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Mizzima News in Burmese အမည်ခံ Facebook Page က ဖော်ပြထားသကဲ့သို့ အကျဉ်းသားများ ကျဉ်းကြပ်စွာ နေထိုင်ရသည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိဘဲ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က အကျဉ်းထောင်၏ အရှေ့ဘက် ပင်မအုတ်ရိုး ပြိုကျမှုကြောင့် ပြန်လည်ပြုပြင်နေစဉ် အုတ်ရိုးနှင့် ကပ်လျက်ရှိသော အမှတ်(၄) အိပ်ဆောင်ရှိ အကျဉ်းသားများကို အမှတ်(၅)အိပ်ဆောင်သို့ အကျဉ်းသားများကို ခေတ္တပြောင်းရွှေ့ခဲ့ခြင်းသာ ဖြစ်ကြောင်း သိရသည်။
ဇွန်လတွင် ပြန်လည်ပြုပြင်ပြီးဖြစ်သည့်အတွက် မူလထားရှိသည့် အိပ်ဆောင်များအတိုင်း ပြန်လည်ထားရှိပြီးဖြစ်သည့်အတွက် Media အမည်ခံ Facebook Page များ၏ ဖော်ပြမှုများသည် ပြည်သူအများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းဖြစ်ပြီး အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို ထင်ယောင်ထင်မှား ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြခြင်းသာ ဖြစ်သည်။
သစ္စာ


