ရီးယဲလ်မက်ဒရစ်အသင်းဟာ    စပိန်လာလီဂါပွဲစဉ် (၅) မှာ အက်စပန်ညိုအသင်းကို အနိုင်ရရှိခဲ့ကာ နိုင်ပွဲဆက်ခဲ့ပြီး   လာလီဂါဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ အက်စပန်ညိုအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၂၂ မိနစ်မှာ မီလီတောင်းက တစ်ဂိုးနဲ့ ဒုတိယပိုင်းပွဲကစားချိန် ၄၇ မိနစ်မှာ အမ်ဘတ်ပီကတစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုအနိုင်ရရှိခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပွဲစဉ်(၅) ယှဉ်ပြိုင်ကစားပြီးချိန်မှာ   ငါးပွဲစလုံးအနိုင်ရရှိခဲ့မှုနဲ့အတူ ရမှတ် ၁၅ မှတ်အထိ စုဆောင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ ယခုဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ခြောက်ပွဲမှာ သွင်းဂိုးခုနစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အက်စပန်ညိုအသင်းကတော့ စပိန်လာလီဂါပွဲစဉ် ငါးပွဲယှဉ်ပြိုင် ကစားပြီးချိန်မှာ သုံးပွဲနိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲရှုံး ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၄) နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

လက်ရှိစပိန်လာလီဂါအမှတ်ပေးဇယားမှာ ဘာစီလိုနာအသင်းက အဆင့်(၂)၊ ဗီလာရီးယဲလ်အသင်းက အဆင့်(၃) အသီးသီးရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ် - ရေးသားသည်