နန်းယွန်း စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ၂၀၂၅ ခုနှစ် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်က အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦးက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအား လိုက်လံနှုတ်ဆက်အားပေးပြီး နန်းယွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ပန်းဖွားအကအဖွဲ့က ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ပထမပွဲစဉ်အနေဖြင့် နန်းယွန်းမြို့ ရပ်ကွက်ပေါင်းစုံ(က)အသင်းနှင့် နန်းယွန်းမြို့နယ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးကျောင်းဆင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါပြိုင်ပွဲတွင် နန်းယွန်းမြို့မှ ပြိုင်ပွဲဝင်အသင်း ခုနစ်သင်း၊ ပန်ဆောင်မြို့မှ နှစ်သင်း၊ ဒုံဟီးမြို့မှ တစ်သင်း စုစုပေါင်းပြိုင်ပွဲဝင် ၁၀ သင်းပါဝင်ပြီး စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)


