စက်တင်ဘာ ၂၂

တိုင်ဖွန်းမုန်တိုင်းရာဂါဆာသည် ယမန်နေ့ကစူပါတိုင်ဖွန်းအဖြစ်သို့ပိုမိုအားကောင်းလာကာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၈၅ ကီလိုမီတာနှင့် ၂၃၀ ကီလိုမီတာအထိ တိုက်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်မိုးလေဝသဗျူရိုက ပြောကြားသည်။

ရာဂါဆာမုန်တိုင်းသည် လူဇုန် မြောက်ပိုင်းရှိ Tuguegarao မြို့ အရှေ့ဘက် ၅၃၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေသည်ဟု ဗျူရိုက ဆိုသည်။ ၎င်းသည် စက်တင်ဘာ ၂၂ ရက်နေ့တွင် ဘာတာနတ်စ် သို့မဟုတ် ဘာဘူယန် ကျွန်းများပေါ်တွင် နီးကပ်စွာဖြတ်သန်းနိုင်သည် သို့မဟုတ် ကုန်းတွင်းပိုင်းသို့ဝင်ရောက်နိုင်သည်ဟု သိရသည်။

ရာဂါဆာမုန်တိုင်းသည် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းများတိုက်ခတ်လာနိုင်ပြီး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း အမြင့်ဆုံးအချက်ပြမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု ဗျူရိုက သတိပေးထားသည်။

ဘာတာနတ်စ်၊ ကာဂါရန်၊ Ilocos Norte နှင့် Ilocos Sur ပြည်နယ်များရှိ မြေနိမ့်ပိုင်း သို့မဟုတ် ကမ်းရိုးတန်းကျေးရွာများတွင် လာမည့် ၄၈ နာရီအတွင်း အမြင့် ၃ မီတာထက်မကျော်လွန်သော မုန်တိုင်းဒီရေလှိုင်းများသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ဖွယ်ရှိသည်ဟု ၎င်းက ထပ်လောင်း သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို